
မန်ယူနိုက်တက်အသင်း၏ အိုင်ဗရီကို့စ်တောင်ပံတိုက်စစ်ကစားသမား အာမက်ဒီယာလိုသည် မလေးရှားနိုင်ငံတွင် ရောက်ရှိနေစဉ် ပရိသတ်များအား ရိုင်းပျသည့် အမူအရာ လုပ်ပြခဲ့ခြင်းမှာ သူ၏ မိခင်နှင့်ပတ်သက်သည့် လှောင်ပြောင်မှုများကို တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း မန်ယူနိုက်တက်အသင်းက ထုတ်ပြန်ကြေညာခဲ့သည်။
မန်ယူနိုက်တက်အသင်းသည် ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် အာရှသို့ လာရောက်ခဲ့ရာတွင် မလေးရှားနိုင်ငံ၌ ခြေစမ်းပွဲတစ်ပွဲ စတင်ကစားခဲ့ပြီး၊ ကွာလာလမ်ပူမြို့ရှိ အသင်းတည်းခိုရာ ဟိုတယ်ရှေ့တွင် ပရိသတ်များအား အာမက်ဒီယာလိုက လက်ခလယ်ထောင်ပြခဲ့ခြင်းဖြစ်သည်။
ဒီယာလို ယင်းကဲ့သို့ ပြုမူခဲ့သည့် ရုပ်သံမှတ်တမ်းမှာ ဆိုရှယ်မီဒီယာစာမျက်နှာများထက်တွင် ပျံ့နှံ့သွားခဲ့ရာ မန်ယူနိုက်တက်အသင်းက ယင်းကဲ့သို့ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းမှာ ဒီယာလိုသည် ပရိသတ်များထံမှ သူ၏ မိခင်နှင့်ပတ်သက်သည့် စော်ကားလှောင်ပြောင်မှုကို ကြုံတွေ့ခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
"လူတွေကို ကျွန်တော်က လေးစားပါတယ်။ ဒါပေမဲ့ အဲဒီလိုလူတွေထဲမှာ ကျွန်တော့်အမေကို စော်ကားလှောင်ပြောင်တဲ့ လူတွေတော့ မပါပါဘူး"ဟု အာမက်ဒီယာလိုက X တွင် ရေးသားခဲ့သည်။
"ကျွန်တော့်အနေနဲ့ ဒီလိုမျိုး မတုံ့ပြန်သင့်ဘူးဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်အတွက် ကျွန်တော် နောင်တ မရပါဘူး"ဟုလည်း အာမက်ဒီယာလိုက ပြောကြားခဲ့သည်။
မန်ယူနိုက်တက်အသင်းသားများနှင့်အတူ အသင်းနည်းပြ ရူဘင်အာမိုရင်မ်ထံသို့ လာရောက်စဉ်တွင် အာမက်ဒီယာလိုသည် ယင်းကဲ့သို့ လှောင်ပြောင်မှုခံခဲ့ရခြင်းလည်း ဖြစ်သည်။
အာမက်ဒီယာလိုသည် စီးရီးအေကလပ် အတ္တလန်တာအသင်းတွင် ကစားခဲ့စဉ်က အချက်အလက်အတုများဖြင့် မိဘအတုများ ဖန်တီးကာ အီတလီနိုင်ငံတွင်းသို့ တရားမဝင်လူခေါ်သွင်းခဲ့သည်ဆိုသည့် စွပ်စွဲမှုခံခဲ့ရဖူးပြီး ထိုအချိန်က အီတလီ FA က ၎င်းအား ယူရို (၄၂၀၀၀) ဒဏ်ရိုက်ခဲ့ဖူးကြောင်း သိရသည်။