
PSG - အင်တာမီလန် (မြန်မာစံတော်ချိန် ဇွန် ၁ ရက် နံနက် ၁:၃၀ နာရီ)
ဥရောပရဲ့ ချန်ပီယံသရဖူကို ဆောင်းရမယ့် အသင်းနှစ်သင်းရဲ့ ဗိုလ်လုပွဲစဉ်မှာ စိတ်ဝင်စားစရာအကောင်းဆုံးအချက် ကတော့ ကစားဟန်လုံးဝမတူညီတဲ့အသင်းနှစ်သင်းရဲ့ ပွဲစဉ်ဖြစ်နေခြင်းပါပဲ။ အင်နရီကေးရဲ့ PSG အသင်းက လျင်မြန်မှုကို အားပြုကစားတယ်၊ လူငယ်ကြယ်ပွင့်တွေအရမ်းများတယ်။ PSG ရဲ့ လူငယ်ကြယ်ပွင့်ကစားသမားတွေဟာ အမြန်နှုန်းကို အားပြုကစားပါတယ်ဆိုတဲ့၊ မာကျောမှုကို ဦးစားပေးပါတယ်ဆိုတဲ့ ပရီးမီးယားလိဂ် ခံစစ်ကစားသမားအမျိုးမျိုး၊ အသင်းအမျိုးမျိုးကို အကြီးအကျယ် ဒုက္ခပေးနိုင်ခဲ့တာကို ဥရောပရော၊ ကမ္ဘာတစ်ဝှမ်းလုံးက ပရိသတ်တွေပါ မြင်တွေ့ခွင့်ရခဲ့တယ်။ ဒါ့အပြင် PSG အသင်းမှာ ဘာစီလိုနာမှာ ကစားခဲ့စဉ်တုန်းက ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခံခဲ့ရတဲ့ ဒမ်ဘီလီက ဒေါ့မွန်မှာ ကစားခဲ့တဲ့ Form မျိုး ကို ပိုမိုရင့်ကျက်တဲ့ ခြေစွမ်း၊ ပိုမိုထက်မြက်တဲ့ တိုက်စစ်ပုံစံတွေ နဲ့ ဦးဆောင်ကစားပေးနေတာတွေ့ရတယ်။
အင်တာမီလန်ကတော့ လုံးဝကို ကွဲပြားခြားနားတဲ့ ပုံစံနဲ့ အသင်းဖြစ်တယ်။ အသင်းမှာ ၀ါရင့်ကစားသမားအများအပြားကို အားပြုထားတယ်။ ပထမအသင်းမှာ အသက် (၃၀) ကျော်ကစားသမားအရေအတွက်က လွှမ်းမိုးထားတာကို တွေ့ရတယ်။ ဒါပေမဲ့ အင်တာမီလန်က ခံစစ်ပိုင်းမာကျောမှု၊ ကွင်းလယ်ဖွဲ့စည်းပုံ ကျစ်လျစ်မှု၊ တိုက်စစ်ပိုင်းက Deadly Position တွေနဲ့ နေရာယူပြီး အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင်အသုံးချတဲ့ ပုံစံနဲ့ ဗိုလ်လုပွဲအထိ တက်လာခြင်း ဖြစ်တယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ယမားလ်၊ ရာဖင်ညာတို့လို တောင်ပံတိုက်စစ်ကြယ်ပွင့်တွေ၊ ပတ်ဒရီ၊ ဖာမင်းလိုပက်ဇ်တို့လို ကွင်းလယ်တိုက်စစ်ကြယ်ပွင့်တွေ ပါဝင်နေတဲ့အသင်းကို ကျော်ဖြတ်လာနိုင်ခဲ့တာကို ကြည့်ရင် PSG ရဲ့ တစ်ဦးချင်း အရည်အ သွေးနဲ့ အမြန်နှုန်းကို အင်တာမီလန် စိုးရိမ်နေမှာ မဟုတ်ဘူးလို့ ဆိုနိုင်တယ်။
နောက်တစ်ချက်က ဖိုင်နယ်ပွဲဆိုတာက နှစ်ကျော့ပွဲမဟုတ်ဘဲ တစ်ကျော့တည်း အဆုံးအဖြတ်ခံယူရတဲ့အခါ ပိုမိုတည်ငြိမ်ပြီး မာကျောတဲ့အသင်းတွေမှာ ခြေစွမ်းနိမ့်နေရင်တောင် ကြံ့ကြံံ့ခံကစားပြီး လိုချင်တဲ့အခြေအနေအထိ ဆွဲယူ တတ်တယ်။ အင်တာမီလန်က အဲ့ဒီအတွေ့အကြုံလည်း ရင့်တယ်။ အင်တာမီလန် ချန်ပီယံဖြစ်မယ်လို့ ထင်ပါတယ်။
■ PSG အသင်းသည် ချန်ပီယံလိဂ်နောက်ဆုံး (၁၁)ပွဲတွင် (၉)ပွဲအထိအနိုင်ရခဲ့ပြီး (၃)ဂိုးနှင့်အထက်သွင်းနိုင်သည့်ပွဲမှာလည်း ( ၆)ပွဲရှိခဲ့သည်။
■ အင်တာမီလန်အသင်း၏ ချန်ပီယံလိဂ်နောက်ဆုံး (၅)ပွဲဆက် (၂)သင်းပေါင်းသွင်းဂိုးမှာ (၃)ဂိုးနှင့်အထက်ရှိခဲ့သည်။
■ အင်တာမီလန်အသင်းသည် (၂၁)ရာစုအတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ (၃)ကြိမ်တက်ရောက်နိုင်ခဲ့ပြီး ယခင်(၂)ကြိမ်တွင် (၁)ပွဲနိုင်၊ (၁)ပွဲရှုံးခဲ့သည်။
■ ယင်း(၂၁)မှာ ချန်ပီယံလိဂ်သမိုင်းကြောင်းတစ်လျှောက်ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခြင်းဖြစ်သည်။