
၂၀၂၄-၂၀၂၅ ရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုကို ချန်ပီယံ အယ်လ်အစ်တီဟတ်အသင်း ၀ါရင့်တိုက်စစ်မှူး ဘန်ဇီမာက အယ်လ်နာဆာအသင်းတိုက်စစ်မှူး ရော်နယ်လ်ဒိုကိုကျော်ဖြတ်၍ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အသက် (၃၇) နှစ်ရှိပြီဖြစ်သူ ဘန်ဇီမာသည် ၂၀၂၄-၂၀၂၅ ရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် (၂၉) ပွဲကစား၊ (၂၁) ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ကိုးကြိမ်ပြုလုပ်ပေးပြီး ဂိုးအများ ဆုံးကစားသမားစာရင်း၌ ပူးတွဲတတိယနေရာ ရပ်တည်နိုင်ခဲ့သည်။
အသက် (၄၀) ရှိပြီဖြစ်သူ ရော်နယ်လ်ဒိုမှာမူ ပွဲ (၃၀) ကစား၊ (၂၅) ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ဂိုးအများဆုံးရွှေဖိနပ်ဆုကို နှစ်ရာသီဆက်တိုက် ဆွတ်ခူးရရှိခဲ့သည်။
သို့သော် အသင်းလိုက်အောင်မြင်မှုအရ အယ်လ်အစ်တီဟတ်အသင်းမှာ ချန်ပီယံဆုကို (၁၀) ကြိမ်မြောက် ဆွတ်ခူးရယူနိုင်ခဲ့ပြီး အယ်လ်နာဆာအသင်းမှာမူ တတိယနေရာသာရရှိကာ ဖလားလက်မဲ့အခြေအနေရင် ဆိုင်ခဲ့ရသည်။
ထို့ကြောင့် ၂၀၂၄-၂၀၂၅ ရာသီအတွက် အကောင်းဆုံးကစားသမားဆုကို ဘန်ဇီမာက ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
အကောင်းဆုံးလူငယ်ကစားသမားဆုကို အယ်လ်ရှာဘတ်အသင်းမှ ဆော်ဒီကွင်းလယ်လူ အယ်လ်ဂျူဝေယာ၊ ဆော်ဒီကစားသမားဆုကို အယ်လ်ဟီလာ အသင်းမှ အယ်လ်ဒေါ်ဆာရီ၊ ရွှေဖိနပ်ဆုကို ရော်နယ်လ်ဒို၊ ရွှေလက်အိတ်ဆုကို အယ်လ် ကာဆီယာအသင်းဂိုးသမား ကက်စတီးလ်၊ နည်းပြဆုကို အယ်လ်အစ်တီဟတ်အသင်း နည်းပြ လောရင့်ဘလန့်တို့ ရရှိခဲ့သည်။
ချန်ပီယံ အယ်လ်အစ်တီဟတ်အသင်း၊ ဒုတိယရရှိသည့် အယ်လ်ဟီလာအသင်းနှင့် ၂၀၂၄-၂၀၂၅ အာရှချန်ပီယံလိဂ် ချန်ပီယံ အယ်လ်အာလီအသင်းတို့ လာမည့်ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့သည်။