
ကမ္ဘာတစ်ဝန်း တန်ဖိုးအမြင့်ဆုံး ဘောလုံးအသင်းများစာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းက ယူရိုခြောက်ဘီလျံကျော်ဖြင့် ထိပ်ဆုံးနေရာ၌ နှစ်နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဘဏ္ဍာရေးစစ်တမ်းကို ဘောလုံးရင်းနှီးမြှုပ်နှံသူများနှင့် လုပ်ငန်းရှင်များ အတွက် ကမ္ဘာလုံးဆိုင်ရာ အကြံပေးဝန် ဆောင်မှုများ လုပ်ဆောင်နေသည့် Football Benchmark က ထုတ်ပြန်ခြင်းဖြစ်ပြီး ၂၀၂၃-၂၀၂၄ ရာသီ လုပ်ငန်းလည်ပတ်မှု ဝင်ငွေ၊ ဝင်ငွေရရှိမှုနှင့် ဝန်ထမ်းအသုံးစရိတ် အချိုးကျမှု၊ ကစားသမားတန်ဖိုး စသည့် အချက်များအပေါ်အခြေခံ၍ တွက်ချက်ထားသည်။
၂၀၂၅ ခုနှစ်အတွက်ထုတ်ပြန်သည့် အစီရင်ခံစာအရ ရီးယဲလ်မက်ဒရစ်အသင်းက ယူရို ၆ ဒသမ ၂၇၈ ဘီလျံဖြင့် တန်ဖိုးအမြင့် ဆုံးသတ်မှတ်ခံရပြီး အဆိုပါစာရင်းတွင် နှစ်နှစ်ဆက်တိုက် ထိပ်ဆုံးနေရာ ရပ်တည်နိုင် ခဲ့သည်။
ရီးယဲလ်အသင်းသည် ၂၀၂၃-၂၀၂၄ ရာသီတွင် လုပ်ငန်းလည်ပတ်မှုဝင်ငွေ ယူရို ၁ ဒသမ ၀၆၅ ဘီလျံရရှိခဲ့ပြီး ကစားသမား တန်ဖိုးမှာ ယူရို ၁ ဒသမ ၃၅၅ ဘီလျံရှိသလို ဝင်ငွေရရှိမှုနှင့် ဝန်ထမ်းအသုံးစရိတ်အချိုး ၄၇ ရာခိုင်နှုန်းသာရှိကာ ထိပ်ဆုံး ၁၀ သင်း အနက် စပါးအသင်း (၄၂ ရာခိုင်နှုန်း) ပြီးလျှင် ဒုတိယအနည်းဆုံးဖြစ်သောကြောင့် တန်ဖိုးအမြင့်ဆုံးအဖြစ် နှစ်နှစ်ဆက်တိုက် ရပ်တည်နိုင်ခြင်းဖြစ်သည်။
၎င်း၏နောက်တွင် မန်စီးတီးအသင်းက ယူရို ၅ ဒသမ ၁၀၄ ဘီလျံ ဖြင့် အဆင့် ၂၊ မန်ယူအသင်းက ယူရို ၅ ဒသမ ၀၅၁ ဘီလျံဖြင့် အဆင့် ၃ နေရာတွင် ဆက်လက်ရပ်တည်ခဲ့သည်။
ဘာစီလိုနာအသင်းက ယူရို ၄ ဒသမ ၄၅၉ ဘီလျံဖြင့် နှစ်ဆင့်မြင့်တက်ကာ အဆင့် ၄ သို့ ရောက်ရှိလာပြီး ဘိုင်ယန်မြူးနစ်အသင်းက ယူရို ၄ ဒသမ ၂၈၁ ဘီလျံဖြင့် တစ်ဆင့်လျော့ကျကာ အဆင့် ၅၊ လီဗာပူးလ်အသင်းက ယူရို ၄ ဒသမ ၂၀၇ ဘီလျံဖြင့် တစ်ဆင့်လျော့ကျကာ အဆင့် ၆၊ အာဆင်နယ်အသင်းက ယူရို ၄ဒသမ ၀၁၀ ဘီလျံဖြင့် သုံးဆင့်မြင့်တက် ကာ အဆင့် ၇၊ PSG အသင်းက ယူရို ၃ ဒသမ ၇၆၀ ဘီလျံဖြင့် ယခင်နှစ်အတိုင်း အဆင့် ၈၊ စပါးအသင်းက ယူရို ၃ ဒသမ ၆၅၉ ဘီလျံဖြင့် နှစ်ဆင့်လျော့ကျကာ အဆင့် ၉၊ ချယ်လ်ဆီး အသင်းက ယူရို ၃ ဒသမ ၀၁၆ ဘီလျံဖြင့် တစ်ဆင့်လျော့ကျကာ အဆင့် ၁၀ နေရာ ရပ်တည်ခဲ့သည်။
ထိပ်ဆုံး ၁၀ သင်းအနက် ချယ်လ်ဆီးတစ်သင်းတည်းသာ အသင်းတန်ဖိုးလျော့ကျသွားခြင်းဖြစ်သည်။