Eleven Media Group

■ ဘရူနိုဖာနန်ဒက်စ်အား အယ်လ်ဟီလာအသင်းထံသို့ ရောင်းချရန် မန်ယူနိုက်တက်ကို ပေါလ်စခိုးလ် တိုက်တွန်း

မန်ယူနိုက်တက်ဂန္ထဝင် ပေါလ်စခိုးလ်က အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်အား အယ်လ်ဟီလာအသင်းထံသို့ ရောင်းထုတ်ရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းသည် ယခုနွေတွင် မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်အား ပေါင်သန်း (၁၀၀) ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

အသက် (၃၀) အရွယ်ရှိ ဘရူနိုဖာနန်ဒက်စ်ကိုယ်တိုင်ကလည်း လစာများစွာ ရရှိမည့် အယ်လ်ဟီလာအသင်းထံသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေပြီး လက်ရှိတွင် ၎င်း၏အေးဂျင့်ဖြစ်သူသည် အပြောင်းအရွှေ့အတွက် အယ်လ်ဟီလာအသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးနေကြောင်း သိရသည်။

ယခုအခါ ပေါလ်စခိုးလ်က ပေါင်သန်း (၁၀၀) ရလျှင် ဘရူနိုဖာနန်ဒက်စ်အား ရောင်းထုတ်ရန် အသင်းဟောင်းကို တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပေါလ်စခိုးလ်က "အယ်လ်ဟီလာအသင်းက ဘရူနိုဖာနန်ဒက်စ်ကို ပေါင်သန်း (၁၀၀) ပေးမယ်လို့ ပြောနေတယ်။ အဲဒီကြေးသာ ရမယ်ဆိုရင် မန်ယူနိုက်တက်အနေနဲ့ သူ့ကို ရောင်းချသင့်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ အရမ်းကောင်းပြီး မန်ယူနိုက်တက်ကို ထမ်းတင်နေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အာမိုရင်မ်ရဲ့ နည်းစနစ်ရဲ့ ဘရူနိုဖာနန်ဒက်စ် အံ့မဝင်ဘူးလို့ ထင်ပါတယ်။ ဘရူနိုဖာနန်ဒက်စ် မကောင်းဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့အတွက် ပေါင်သန်း (၁၀၀) ရမယ်လို့ဆိုရင် ယူထားလိုက်တာ ပိုကောင်းပါတယ်"ဟု ပြောကြားခဲ့သည်။

ဘရူနိုဖာနန်ဒက်စ်သည် ၂၀၂၀ တွင် စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူနိုက်တက်သို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ၎င်းသည် မန်ယူနိုက်တက်အတွက် (၅) နှစ်ခွဲကျော်ကာလအတွင်း ပြိုင်ပွဲစုံ ပွဲ (၂၉၀) တွင် (၉၈) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၈၇) ကြိမ် ပြုလုပ်ပေးထားသည်။

မူရင်းသတင်း — Eleven Media Group