
သထုံမြို့နယ် ပေါ်တော်မူကျေးရွာနှင့် ဇရစ်ချောင်ကျေးရွာကြား ရန်ကုန်-မော်လမြိုင် ရထားလမ်းတွင် အမျိုးသားတစ်ဦး ရထားကြိတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ယမန်နေ့ မေ ၃၀ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က အဆိုပါ သထုံမြို့နယ် ပေါ်တော်မူကျေးရွာနှင့် ဇရစ်ချောင်ကျေးရွာကြား ရန်ကုန်-မော်လမြိုင် ရထားလမ်း ရထားမိုင်တိုင်အမှတ် (၁၃၄/၁၂) နှင့် (၁၃၄/၁၃) ကြားတွင် ရန်ကုန်-မော်လမြိုင် အမှတ် (၈၁) အဆန်ရထားနှင့် တိုက်မိကာ ရထားကြိတ်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ရထားကြိတ်ခံရသူက ပေါ်တော်မူကျေးရွာ ဘုံကျောင်းပိုင်းမှာနေထိုင်တဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးလို့ သိရပါတယ်” ဟု ပြောကြားသည်။
ရထားကြိတ်ခံခဲ့ရသည့် အမျိုးသားမှာ ဦးခေါင်းပိုင်နှင့် ပေါင်တို့တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး သေဆုံးနေကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
ရထားကြိတ်ခံရပြီး သေဆုံးခဲ့သည့် အမျိုးသား၏ ရုပ်အလောင်းအား သထုံမြို့အခြေစိုက် အကြင်နာတွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သွားရောက်ထုပ်ပိုးကာ သယ်ဆောင်လာပြီးနောက် သထုံခရိုင်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းအချိန်ကလည်း သထုံမြို့ သထုံရထားဘူတာဝင်းအတွင်း ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်တိုင်အမှတ် (၁၃၇) အနီးတွင် ရထားသံလမ်းပေါ်၌ အိပ်ပျော်နေသည့် အမျိုးသားတစ်ဦးအား ရန်ကုန်-မော်လမြိုင် အဆန်အမြန်ရထားမှ ဝင်တိုက်ခဲ့သည့်အတွက်ကြောင့် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဘိုဘိုမြင့်
Photo Credit - ကိုအောင်ကိုလတ် (အကြင်နာတွဲလက်လူမှုကယ်ဆယ်ရေးအသင်း-သထုံ)