
PSG အသင်းပရိသတ်များက ၂၀၁၉ ခုနှစ်တွင် အရိုးကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည့် သမီးဖြစ်သူ ဇာနာ(ကိုးနှစ်)၏ ဓာတ်ပုံဖြင့် ဂုဏ်ပြုခဲ့ခြင်းအပေါ် နည်းပြ အန်နရီကေးက ဝမ်းသာမိကြောင်း ပြောကြားခဲ့သည်။
''ဒါက စိတ်လှုပ်ရှားစရာ အရမ်းကောင်းပါတယ်။ ပရိသတ်တွေက ကျွန်တော်နဲ့ မိသားစုအကြောင်း စဉ်းစားပေးတာ တကယ်ဝမ်းသာပါတယ်။ ကျွန်တော့်သမီးအကြောင်း စဉ်းစားဖို့အတွက် ချန်ပီယံလိဂ်မှာဗိုလ်စွဲဖို့၊ ပွဲစဉ်တစ်ပွဲ အနိုင်ရဖို့ မလိုပါဘူး။ ကျွန်တော် သူ့အကြောင်းကို နေ့တိုင်းတွေးဖြစ်ပါတယ်။ သူက ကျွန်တော်တို့ မိသားစုနဲ့အတူ ရှိနေပါတယ်။ ကျွန်တော်တို့ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အချိန်မှာတောင် သူရှိနေတယ်လို့ ကျွန်တော် ခံစားရပါတယ်။ ဇာနာက ကျွန်တော်တို့နဲ့အတူ အမြဲတမ်းရှိနေပါတယ်''ဟု ပြောကြားသည်။
PSG အသင်းနည်းပြ အန်နရီကေးသည် ၂၀၁၄-၂၀၁၅ ရာသီတွင်လည်း ဘာစီလိုနာအသင်းနှင့် ဖလားသုံးလုံး အောင်မြင်မှုရရှိဖူးပြီး ဒုတိယအကြိမ် ထပ်မံစွမ်းဆောင်နိုင်ခဲ့ရာ ဂွါဒီယိုလာ (၂၀၀၈-၂၀၀၉ ဘာစီလိုနာ၊ ၂၀၂၂-၂၀၂၃ မန်စီးတီး) ပြီးလျှင်
ဖလားသုံးလုံး နှစ်ကြိမ်ရရှိသည့် ဒုတိယမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
PSG အသင်းသည် ၂၀၂၅ ဥရောပစူပါဖလားပြိုင်ပွဲအဖြစ် ယူရိုပါလိဂ်ချန်ပီယံ စပါးအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၂၀၂၅ FIFAတိုက်ကြီးများဖလားနှင့် ၂၀၂၉ FIFAကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိခဲ့သည်။
PSG အသင်းသည် သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဗိုလ်စွဲခြင်းဖြစ်ပြီး ၂၄ သင်းမြောက် ချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ယခုပွဲရလဒ်မှာ ၁၉၅၉-၁၉၆၀ ရာသီတွင် ရီးယဲလ် (၇-၃) ဖရန့်ဖတ်၊ ၁၉၇၃-၁၉၇၄ ရာသီတွင် ဘိုင်ယန်မြူးနစ် (၄-၀) အက်သလက်တီကို၊ ၁၉၈၈- ၁၉၈၉ ရာသီတွင် အေစီမီလန် (၄-၀) စတူအာဘူခါရက်၊ ၁၉၉၃-၁၉၉၄ ရာသီတွင် အေစီမီလန် (၄-၀)
ဘာစီလိုနာပွဲစဉ်များကို ကျော်ဖြတ်၍ သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံး ဗိုလ်လုပွဲရလဒ် ဖြစ်လာသည်။
ထို့ပြင် PSG အသင်းသည် ယခုရာသီ လီဂူး-၁ နှင့် ပြင်သစ်ဖလားပြိုင်ပွဲတွင်လည်း ဗိုလ်စွဲထားသဖြင့် ဖလားသုံးလုံးရယူနိုင်သည့် ပထမဆုံး ပြင်သစ်ကလပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ဥရောပတွင် အသင်းရှစ်သင်း (ဘာစီလိုနာ-နှစ်ကြိမ်၊ ဘိုင်ယန်မြူးနစ်- နှစ်ကြိမ်၊ ဆဲလ်တစ်၊ အေဂျက်စ်၊ PSV၊ မန်ယူ၊ အင်တာမီလန်၊ မန်စီးတီး-တစ်ကြိမ်စီ) က ဖလားသုံးလုံးချန်ပီယံမှတ်တမ်းကို (၁၀)ကြိမ် ပိုင်ဆိုင်ဖူးပြီး PSအသင်းက ကိုးသင်းမြောက်
ဖြစ်လာသည်။