
ကမ္ဘာကျော် အမေရိကန်စီးပွားရေးမဂ္ဂဇင်း (Forbes)က ထုတ်ပြန်သည့် တန်ဖိုးအမြင့်ဆုံး ဘောလုံးအသင်းများစာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းက လေးနှစ်ဆက်တိုက် ထိပ်ဆုံးနေရာရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
Forbes မဂ္ဂဇင်းသည် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးဘောလုံးအသင်းများစာရင်းကို ၂၀၀၇ ခုနှစ်မှစ၍ နှစ်စဉ်ထုတ်ပြန်လျက်ရှိပြီး ၂၀၂၅ ခုနှစ်အတွက်စာရင်းကို မေ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစာရင်းအရ ရီးယဲလ်အသင်းသည် ၂၀၂၃-၂၀၂၄ ရာသီတွင် ကဏ္ဍအသီးသီးမှဝင်ငွေ ဒေါ်လာ ၁ ဒသမ ၁၃ ဘီလျံရရှိခဲ့ပြီး တစ်ရာသီအတွင်း ဝင်ငွေဒေါ်လာတစ်ဘီလျံအထက်ရရှိသည့် ပထမဆုံးဘောလုံးအသင်းအဖြစ် မှတ်တမ်း ဝင်ခဲ့သလို
NFL ကလပ် ဒါးလက်စ်ကောင်းဘွိုင်အသင်းပြီးလျှင် ကိန်းဂဏန်းဆယ်လုံး ဝင်ငွေရရှိသည့် ဒုတိယမြောက် အားကစားအသင်းဖြစ်လာသည်။
ရီးယဲလ်အသင်း၏တန်ဖိုးမှာ ယခင် ၂၀၂၄ ခုနှစ်ထက် နှစ်ရာခိုင်နှုန်းမြင့်တက်လာပြီး ထိပ်ဆုံးနေရာ၌ လေးနှစ်ဆက်တိုက် (၂၀၂၂- ၂၀၂၅) ရပ်တည်နိုင်ခြင်း ဖြစ်သည်။
ယခုစာရင်းတွင် ထိပ်ဆုံးခုနစ်သင်းမှာ အပြောင်းအလဲမရှိဘဲ ယခင်နှစ်အတိုင်း ရပ်တည်နိုင်ခဲ့ပြီး မန်ယူအသင်းက ဒေါ်လာ ၆ ဒသမ ၆ ဘီလျံ (ဝင်ငွေ ဒေါ်လာ ၈၃၄ သန်း)၊ ဘာစီလိုနာအသင်းက ဒေါ်လာ ၅ ဒသမ ၆၅ ဘီလျံ (ဝင်ငွေ ဒေါ်လာ ၈၂၁ သန်း)၊ လီဗာပူးလ်အသင်းက ဒေါ်လာ ၅ ဒသမ ၄ ဘီလျံ (ဝင်ငွေ ဒေါ်လာ ၇၇၃ သန်း)၊ မန်စီးတီးအသင်းက ဒေါ်လာ ၅ ဒသမ ၃ ဘီလျံ (ဝင်ငွေ ဒေါ်လာ ၉၀၁ သန်း)၊ ဘိုင်ယန်မြူးနစ်အသင်းက ဒေါ်လာ ၅ ဒသမ ၁ ဘီလျံ (ဝင်ငွေဒေါ်လာ ၈၂၇ သန်း)၊
PSG အသင်းက ဒေါ်လာ ၄ ဒသမ ၆ ဘီလျံ (ဝင်ငွေ ဒေါ်လာသန်း ၈၇၀) ဖြင့် ရပ်တည်ခဲ့သည်။
ယခင်နှစ်တွင် အဆင့် ၁၀ နေရာရပ် တည်ခဲ့သည့် အာဆင်နယ်အသင်းက ဒေါ်လာ ၃ ဒသမ ၄ ဘီလျံ (ဝင်ငွေဒေါ်လာ ၇၇၁ သန်း) ဖြင့် အဆင့် ၈ သို့ မြင့်တက်လာပြီး စပါးအသင်းမှာ ဒေါ်လာ ၃ ဒသမ ၃ ဘီလျံ (ဝင်ငွေ ဒေါ်လာ ၆၆၆ သန်း) ဖြင့် အဆင့် ၉၊ ချယ်လ်ဆီးအသင်းမှာ ဒေါ်လာ ၃ ဒသမ ၂၅ ဘီလျံ (ဝင်ငွေ ဒေါ်လာ ၅၉၁ သန်း) ဖြင့် အဆင့် ၁၀ နေရာသို့ ကျဆင်းသွားသည်။
ယခုစာရင်း ၏ ထိပ်ဆုံး ၁၀ သင်းစာရင်းတွင် ပရီးမီးယားလိဂ်ကလပ်များက ခြောက်သင်းအထိပါဝင်ပြီး လာလီဂါကလပ်နှစ်သင်း၊ ဘွန်ဒစ်လီဂါနှင့် လီဂူး-၁ ကလပ် တစ်သင်းစီ ပါဝင်ခဲ့သည်။
ထို့ပြင် ကလပ်အသင်းများ၏တန်ဖိုးမှာ ပျမ်းမျှ ဒေါ်လာ ၂ ဒသမ ၂၆ ဘီလျံမှ ၂ ဒသမ ၄ ဘီလျံအထိ မြင့်တက်လာကြောင်း သိရသည်။
■ တန်ဖိုးအမြင့်ဆုံး ထိပ်ဆုံး ၁၀ သင်း
ရီးယဲလ်မက်ဒရစ် လာလီဂါ ၆.၇၈ ဘီလျံ
မန်ယူ ပရီးမီးယားလိဂ် ၆.၆ ဘီလျံ
ဘာစီလိုနာ လာလီဂါ ၅.၆၅ ဘီလျံ
လီဗာပူးလ် ပရီးမီးယားလိဂ် ၅.၄ ဘီလျံ
မန်စီးတီး ပရီးမီးယားလိဂ် ၅.၃ ဘီလျံ
ဘိုင်ယန်မြူးနစ် ဘွန်ဒစ်လီဂါ ၅.၁ ဘီလျံ
PSG လီဂူး-၁ ၄.၆ ဘီလျံ
အာဆင်နယ် ပရီးမီးယားလိဂ် ၃.၄ ဘီလျံ
စပါး ပရီးမီးယားလိဂ် ၃.၃ ဘီလျံ
ချယ်လ်ဆီး ပရီးမီးယားလိဂ် ၃.၂၅ ဘီလျံ