Eleven Media Group

ချန်ပီယံလိဂ်အကောင်းဆုံးအသင်းတွင် ပရီးမီးယားလိဂ်မှ ဒက်ကလန်ရိုက်စ်တစ်ဦးသာ ရွေးချယ်ခံရပြီး အကောင်းဆုံးကစားသမားဆုကို ဒမ်ဘီလီ၊ လူငယ်ဆုကို ဒူအီ ရရှိ

Photo: Getty Images

၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးဆုရရှိသူများနှင့် အကောင်းဆုံးအသင်းကို ဇွန်(၁)ရက်နေ့က ထုတ်ပြန်ခဲ့ရာ ချန်ပီယံလိဂ်အကောင်းဆုံးအသင်းတွင် ပရီးမီးယားလိဂ်မှ အာဆင်နယ်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်တစ်ဦးသာ ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
ချန်ပီယံလိဂ်အကောင်းဆုံးအသင်းတွင် ချန်ပီယံဆုဖလား ရယူနိုင်ခဲ့သည့် PSG အသင်းမှ ကစားသမား(၇)ဦးအထိ ရွေးချယ်ခံခဲ့ရပြီး ဘာစီိလိုနာအသင်းမှ (၂)ဦး၊ အင်တာမီလန်နှင့် အာဆင်နယ်တို့မှ (၁)ဦးစီ ပါဝင်ခဲ့သည်။
ချန်ပီယံလိဂ်အကောင်းဆုံးအသင်းကို (၄-၂-၄)ပုံစံဖြင့် ရွေးချယ်ခဲ့ပြီး ပါဝင်ခဲ့သူများမှာ ဂိုး - ဒွန်နာရမ်မာ(PSG)၊ နောက် - ဟာကီမီ(PSG)၊ မာကင်ဟို့စ်(PSG)၊ ဘတ်စတိုနီ(အင်တာမီလန်)၊ နူနိုမန်ဒက်စ်(PSG)၊ လယ် - ဗီတင်ညာ(PSG)၊ ဒက်ကလန်ရိုက်စ်(အာဆင်နယ်)၊ ရှေ့ - ယမားလ်(ဘာစီလိုနာ)၊ ဒူအီ(PSG)၊ ဒမ်ဘီလီ(PSG)၊ ရာဖင်ညာ(ဘာစီလိုနာ)တို့ဖြစ်သည်။
ချန်ပီယံလိဂ်အကောင်းဆုံးအသင်းတွင် အနိမ့်ဆုံးဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်သည့်အသင်းမှ ကစားသမားများသာ ရွေးချယ်ခံရခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရာသီ အကောင်းဆုံးအသင်းတွင်လည်း ပရီးမီးယားလိဂ်မှ မန်စီးတီး ကစားသမား ဖိုဒန်တစ်ဦးသာ ရွေးချယ်ခံခဲ့ရသည်။
သို့သော် ပြီးခဲ့သည့်ရာသီတွင် ဖိုဒန်နှင့်အတူ ဘယ်လင်ဂမ်၊ ဟာရီကိန်း စသည့် အင်္ဂလန်ကစားသမားများ ရွေးချယ်ခံခဲ့ရပြီး ယခုရာသီတွင်မူ အင်္ဂလန်ကစားသမားများထဲမှ ဒက်ကလန်ရိုက်စ် တစ်ဦးတည်း ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
ယခုရာသီ ချန်ပီယံလိဂ်အကောင်းဆုံးအသင်းတွင် နိုင်ငံအလိုက်ရွေးချယ်ခံရမှုမှာ အီတလီ၊ ဘရာဇီးလ်၊ ပေါ်တူဂီနှင့် ပြင်သစ်မှ (၂)ဦးစီဖြစ်ပြီး မော်ရိုကို၊ အင်္ဂလန်နှင့် စပိန်မှ (၁)ဦးစီဖြစ်သည်။
ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားအဖြစ် PSG အသင်းမှ တိုက်စစ်ကစားသမား ဒမ်ဘီလီ ရွေးချယ်ခံခဲ့ရသည်။
ဒမ်ဘီလီသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၁၅)ပွဲယှဉ်ပြိုင်ကစားခဲ့ပြီး (၈)ဂိုးသွင်းယူကာ (၆)ဂိုး ဖန်တီးပေးခဲ့သည်။
PSG ၏ နည်းစနစ်လေ့လာရေးအဖွဲ့က ဒမ်ဘီလီသည် PSG အသင်း၏ ဦးဆောင်ကစားသမားအဖြစ် စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့ခြင်းကြောင့် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။
ဒမ်ဘီလီက ''ကျွန်တော် အရမ်းငယ်သေးတဲ့ အရွယ်ကတည်းက၊ ဘောလုံးစကစားတဲ့ အရွယ်ကတည်းက ဒီလိုထိပ်တန်းပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်မှာ ကစားဖို့ အိပ်မက်မက်ခဲ့တာပါ။ ဗိုလ်လုပွဲရောက်လာတာက မယုံနိုင်စရာကောင်းသလို၊ ချန်ပီယံဆု ရယူနိုင်ခဲ့တာကလည်း မယုံနိုင်စရာပါပဲ။ ဒါဟာ မယုံနိုင်စရာကောင်းတဲ့ ခံစားမှုတစ်ခုပါ။ ဒီခရီးစဉ်အတွက် ဂုဏ်ယူမိသလို၊ အခုလိုရလဒ် ရရှိလာဖို့ ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက် လုပ်ဆောင်ခဲ့တဲ့ အရာတိုင်းအတွက်လည်း ဂုဏ်ယူပါတယ်။ ဒီအောင်ပွဲက တကယ့်ကို ခမ်းနားလွန်းပါတယ်''ဟု ပြောကြားခဲ့သည်။
အကောင်းဆုံးလူငယ်ကစားသမားဆုကိုမူ PSG အသင်း၏ ဆယ်ကျော်သက်တိုက်စစ်ကစားသမား ဒူအီက ရရှိခဲ့သည်။
ပြင်သစ်ကစားသမား ဒူအီသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ (၁၆)ပွဲပါဝင်ကစားကာ (၅)ဂိုးသွင်း၊ (၅)ဂိုးဖန်တီးခဲ့သူဖြစ်သည်။
၎င်းသည် ယခုရာသီတွင် ပြင်သစ်လိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိထားသူလည်းဖြစ်သည်။
''ဖြစ်ပျက်ခဲ့တာတွေက မယုံနိုင်အောင်ပါပဲ။ ကျွန်တော်တို့ ပြင်သစ်ဘောလုံးလောကနဲ့ ဥရောပဘောလုံးလောကမှာ သမိုင်းတွင်အောင် ဖန်တီးနိုင်ခဲ့ပါပြီ''ဟု ဒူအီက ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group