Eleven Media Group

■ ဂျူဗင်တပ်စ်အသင်းကို ပြန်လည်ပြောင်းရွှေ့နိုင်တယ်လို့ ခီယေဆာ ဝန်ခံ

Photo: Getty Images

လီဗာပူးလ်တိုက်စစ်ကစားသမား ခီယေဆာက သူ့အနေနဲ့ အနာဂတ်မှာ အသင်းဟောင်း ဂျူဗင်တပ်စ်ကို ပြန်လည်ပြောင်းရွှေ့နိုင်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

အသက် (၂၇) နှစ်အရွယ် အီတလီတိုက်စစ်ကစားသမား ခီယေဆာဟာ ပြီးခဲ့တဲ့ ၂၀၂၄ နွေရာသီကမှ ဂျူဗင်တပ်စ်အသင်းကနေ လီဗာပူးလ်အသင်းသို့ Add-ons ကြေးအပါအဝင် ပေါင် (၁၂.၅) သန်းနဲ့ ရောက်ရှိလာခဲ့တာပါ။

ဒါပေမဲ့ ခီယေဆာဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက လီဗာပူးလ်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမားအဖြစ် (၁) ပွဲသာ ကစားခဲ့ရသလို ပြိုင်ပွဲစုံ မိနစ် (၅၀၀) အောက်သာ ကစားခဲ့ရပါတယ်။

ဒါကြောင့် ခီယေဆာအနေနဲ့ အခုနွေရာသီမှာ လီဗာပူးလ်အသသင်းကနေ ထွက်ခွာနိုင်ပြီး သူ့ကို ခေါ်ယူဖို့ နာပိုလီ၊ အက်သလက်တီကိုနဲ့ ဖီနာဘာချီအသင်းတွေက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ဒါပေမဲ့ ခီယေဆာကတော့ သူ့အနေနဲ့ အသင်းဟောင်း ဂျူဗင်တပ်စ်ကို ချစ်မြတ်နိုးနေဆဲဖြစ်ပြီး တစ်နေ့မှာ ဂျူဗင်တပ်စ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့နိုင်တယ်လို့ Gazzetta dello Sport နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

ခီယေဆာက "ဂျုဗင်တပ်စ်ကို ကျွန်တော် ချစ်နေဆဲပါပဲ။ တစ်နေ့မှာ ဂျူဗင်တပ်စ်အသင်းကို ပြန်လာဖို့ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ပြီးခဲ့တဲ့ရာသီက အသင်းနည်းပြ မော့တာက ကျွန်တော့်ကို အသင်းမှာ မထားချင်ခဲ့ပါဘူး။ သူက ကျွန်တော့်ကို ငါတို့ရဲ့အစီအစဉ်မှာ မင်း မပါဘူး။ မင်းအနေနဲ့ အသင်းသစ်ရှာသင့်တယ်လို့ ပြောဆိုခဲ့တာပါ"လို့ ပြောကြားခဲ့တာပါ။

ပြီးတော့ ခီယေဆာက သူ့ရဲ့ရည်မှန်းချက်က အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ (၃) နိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အီတလီလက်ရွေးစင်အသင်းမှာ ပါဝင်ရေးပဲ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group