
အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ စီရီဇိုက အခုနွေရာသီမှာ အသင်းတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ရောင်းချမှာ မဟုတ်ဘူးလို့ အတည်ပြုပြောကြားခဲ့ပါတယ်။
အသက် (၂၅) နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ဟာ ၂၀၂၄ နွေရာသီကမှ မန်စီးတီးအသင်းကနေ အက်သလက်တီကိုမက်ဒရစ်အသင်းဆီသို့ ယူရို (၉၅) သန်းနဲ့ ရောက်ရှိလာခဲ့တာပါ။
အယ်လ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၅၄) ပွဲမှာ (၂၉) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၇) ကြိမ် ပြုလုပ်ခဲ့ပါတယ်။
ဒါကြောင့် အခုနွေရာသီမှာ သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်သီးတွေဖြစ်တဲ့ လီဗာပူးလ်၊ အာဆင်နယ်တို့အပြင် လာလီဂါချန်ပီယံ ဘာစီလိုနာနဲ့ စီးရီးအေထိပ်သီး အင်တာမီလန်အသင်းတို့က စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါတယ်။
ဒါပေမဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းဥက္ကဋ္ဌ စီရီဇိုကတော့ အယ်လ်ဗာရက်ဇ်ဟာ လာမယ့် ၂၀၂၅-၂၆ ရာသီမှာလည်း အသင်းကစားသမားအဖြစ် ဆက်ရှိနေမယ်လို့ အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။
စီရီဇိုက "အယ်လ်ဗာရက်ဇ်က အက်သလက်တီကိုမက်ဒရစ်ကစားသမားပါ။ သူဟာ အက်သလက်တီကိုမက်ဒရစ်ကစားသမားအဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်"လို့ ပြောဆိုခဲ့တာပါ။