
စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ အခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး သူ့ကို ခေါ်ယူဖို့ ဆော်ဒီကလပ်အသင်းတွေက အပြိုင်စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဗြိတိန်သတင်းစာ The Telegraph ရဲ့ ဖော်ပြချက်အရ စပါးအသင်းဟာ ယူရိုပါလိဂ်ဖလားကို ရယူပြီးနောက် အသင်းကို ပြန်လည်တည်ဆောက်ဖို့ စီစဉ်နေပြီး အသက် (၃၂) နှစ်အရွယ် တောင်ကိုရီယားအသင်းခေါင်းဆောင် ဆွန်ဟောင်မင်အနေနဲ့ အသင်းက ထွက်ခွာရဖွယ်ရှိနေတယ်လို့ သိရပါတယ်။
ဆွန်ဟောင်မင်ဟာ ၂၀၁၅ နွေရာသီမှာ လေဗာကူဆင်အသင်းကနေ စပါးအသင်းဆီကို ပေါင် (၂၂) သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ဆယ်စုနှစ်တစ်ခုတာကာလအတွင်း ပြိုင်ပွဲစုံ (၄၅၄) ပွဲမှာ (၁၇၃) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၀၁) ကြိမ်အထိ ပြုလုပ်ထားတာပါ။
ဆွန်ဟောင်မင်ဟာ ၂၀၂၃ ခုနှစ်မှာ စပါးအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့ မေလက ယူရိုပါလိဂ်ဖလားကို ရရှိခဲ့ကာ ကလပ်ကစားသမားဘဝတစ်လျှောက် ပထမဆုံးဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ စပါးအသင်းရဲ့ အနာဂတ်စီမံကိန်းတွေကြောင့် ဆွန်ဟောင်မင်အနေနဲ့ အခုနွေမှာ အသင်းက ထွက်ခွာရဖွယ်ရှိနေပြီး သူ့ကို ခေါ်ယူဖို့ ဆော်ဒီကလပ်အသင်းတွေက အပြိုင်စိတ်ဝင်စားနေတယ်လို့ The Telegraph က ဖော်ပြခဲ့တာပါ။
ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ရာသီကမှ စပါးအသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားတာကြောင့် စပါးအသင်းအနေနဲ့ သူ့ကို အခုနွေမှာ ရောင်းချမယ်ဆိုရင် ပြောင်းရွှေ့ကြေး ရရှိမှာလည်း ဖြစ်ပါတယ်။