
ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ မန်ယူနိုက်တက်ဂန္ထဝင် ဂယ်ရီနဗီးလ်က လေဗာကူဆင်ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်ကို စျေးကြီးပေးခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ လီဗာပူးလ်အသင်းရဲ့ လုပ်ရပ်အပေါ် အံ့သြမိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းဟာ အခုနွေမှာ ဂျာမန်လက်ရွေးစင်ကစားသမား ဖလော်ရီယန်ဗက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ပေါင် (၁၀၅) သန်းနဲ့ ကမ်းလှမ်းမှုကို လေဗာကူဆင်အသင်းဘက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။
လေဗာကူဆင်အသင်းက အသက် (၂၂) နှစ်အရွယ် ဖလော်ရီယန်ဗက်ဇ်အတွက် Add-ons ကြေးတွေ အပါအဝင် ပေါင်သန်း (၁၄၀) အထိ အလိုရှိနေပြီး လီဗာပူးလ်အသင်းက အဲဒီကြေးကို ပေးချေဖို့ အသင့်ရှိနေလို့ ရက်သတ္တပတ်အတွင်း အပြောင်းအရွှေ့ဖြစ်မြောက်နိုင်တယ်လို့ သတင်းတွေ ထွက်နေတာပါ။
လီဗာပူးလ်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် ကစားသမားတွေကို စျေးအကြီးဆုံးခေါ်ယူမှုနည်းပါးခဲ့ပြီး ၂၀၂၂ ခုနှစ်က ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကို Add-ons ကြေးတွေအပါအဝင် ပေါင် (၈၅) သန်းနဲ့ ခေါ်ယူခဲ့တာက ကြေးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်နေတာ ဖြစ်ပါတယ်။
ဒါကြောင့် လီဗာပူးလ်အသင်းအနေနဲ့ အခုအခါ ဖလော်ရီယန်ဗက်ဇ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ဖို့ ကြိုးပမ်းနေတဲ့အပေါ် အံ့သြမိတယ်လို့ ဂယ်ရီနဗီးလ်က ပြောကြားခဲ့တာပါ။
ဂယ်ရီနဗီးလ်က "ပရီးမီးယားလိဂ်ချန်ပီယံအနေနဲ့ အသင်းကို တိုးတက်အောင် တည်ဆောက်ရမှာပါပဲ။ အသင်းကို ပိုပြီးတိုးတက်အောင် တည်ဆောက်ဖို့ဆိုတာကလည်း ကမ္ဘာ့အဆင့်ကစားသမား ဒါမှမဟုတ် ကမ္ဘာ့အဆင့် ဖြစ်နိုင်တဲ့ကစားသမားတွေကို ခေါ်ယူရမှာပါ၊ ဒီတော့ ဖလော်ရီယန်ဗက်ဇ်ကိုသာ ခေါ်ယူနိုင်မယ်ဆိုရင် သူတို့အတွက် ခေါ်ယူမှုကောင်း ဖြစ်လာမှာပါ။ လီဗာပူးလ်က ဖရင်ပေါင်ကို ခေါ်ယူထားပြီး ကာကက်ဇ်ကိုလည်း ခေါ်ယူဖို့ ကြိုးစားနေတယ်။ အဲဒီကြိုးပမ်းမှုတွေသာ ဖြစ်လာမယ်ဆိုရင် သူတို့ရဲ့ကစားသမားခေါ်ယူမှုဟာ အရမ်းကောင်းတယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ လီဗာပူးလ်အနေနဲ့ ဖလော်ရီယန်ဗက်ဇ်အတွက် အခုလောက်ထိ ငွေသုံးမယ်လို့ ကျွန်တော် မထင်ထားခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ လီဗာပူးလ်က ကစားသမားတွေကို ကြေးကြီးပေးပြီး ခေါ်ယူလေ့ မရှိဘူးလေ။ ဒါပေမဲ့ ဆလော့ကတော့ အဲဒီလိုကစားသမားတွေ ခေါ်ယူမှုတွေ ပြုလုပ်ပေးဖို့ ထိုက်တန်တယ်လို့ ကျွန်တော် ထင်ပါတယ်"လို့ ပြောဆိုခဲ့တာပါ။