
ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုအနေနဲ့ အသက် (၄၀) ကျော်နေပြီဖြစ်ပေမဲ့ ကစားသမားဘဝကနေ အနားယူဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။
Ballon d’Or ဆု (၅) ကြိမ်ပိုင်ရှင် စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် (၂၁၉) ပွဲအထိ ကစားထားပြီး (၁၃၆) ဂိုးအထိ သွင်းယူထားကာ ဘောလုံးသမိုင်းမှာ လက်ရွေးစင်အသင်းအတွက် ပွဲအများဆုံးနဲ့ ဂိုးအများဆုံးသွင်းထားသူအဖြစ် စံချိန်ရေးထိုးထားတာပါ။
စီရော်နယ်လ်ဒိုဟာ အသက် (၄၀) ကျော်လာပြီဖြစ်ပေမဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းမှာ အရေးအကြီးဆုံးကစားသမားအဖြစ် ရှိနေဆဲဖြစ်ပြီး ဒီနေ့ည UEFA Nations League ပြိုင်ပွဲကစားမယ့် အသင်းလူစာရင်းမှာလည်း ပါဝင်နေတာ ဖြစ်ပါတယ်။
ပေါ်တူဂီနည်းပြ မာတီနက်ဇ်ကတော့ စီရော်နယ်လ်ဒိုဟာ အသင်းအတွက် အရေးပါနေဆဲဖြစ်ပြီး ကစားသမားဘဝကနေ အနားယူဖို့ အစီအစဉ်မရှိသေးဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မာတီနက်ဇ်က "စီရော်နယ်လ်ဒိုက ကွင်းအတွင်းမှာ အသင်းကို ကူညီနေသလို ကွင်းပြင်ပမှာလည်း အသင်းကစားသမားတွေအတွက် စံပြပုဂ္ဂိုလ်အဖြစ် ရပ်တည်နေသူပါ။ ဂျော်အိုနယ်လ်ဗက်စ်တို့၊ မိုရာတို့လို လူငယ်ကစားသမားတွေအနေနဲ့ စီရော်နယ်လ်ဒိုနဲ့ တွေ့ဆုံပြီး စကားပြောခွင့်ရတာ အရမ်းကောင်းပါတယ်။ စီရော်နယ်ဒို ကစားသမားဘဝကနေ အနားယူဖို့ အကြောင်းကို ပြောနေကြတွေကတော့ မိုးလေဝသ ခန့်မှန်းမှုနဲ့ တူတယ်လို့ ထင်ပါတယ်။ လူတိုင်းမှာ အမြင်ကိုယ်စီ ရှိကြတယ်။ ဒါပေမဲ့ ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ စီရော်နယ်လ်ဒိုကိုယ်တိုင်တောင် ကစားသမားဘဝကနေ အနားယူဖို့ အစီအစဉ်နဲ့ပတ်သက်လို့ အတိအကျ မပြောနိုင်သေးပါဘူး"လို့ ပြောဆိုခဲ့တာပါ။
စီရော်နယ်လ်ဒိုဟာ ကစားသမားဘဝကနေ အနားယူဖို့ အစီအစဉ်မရှိသေးဘဲ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ ဆန္ဒရှိနေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။