Eleven Media Group

■ မြန်မာအသင်းနဲ့ ပါကစ္စတန်အသင်းကစားမယ့်ပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်ဈေးနှုန်းများ ထုတ်ပြန်

Photo: MFF

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ပါကစ္စတန်လက်ရွေးစင်အသင်းတို့ ယှဥ်ပြိုင်ကစားမယ့်ပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်ဈေးနှုန်းများကို ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

ပွဲကိုလာမယ့် ဇွန် ၁၀ ရက်၊ ညနေ ၅ နာရီမှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းများအဖြစ် အထူးတန်း ကျပ် (၅၀၀၀)၊ ရိုးရိုးတန်း ကျပ် (၂၀၀၀) သတ်မှတ်ထားပြီး Free To Air ရုပ်သံလိုင်းဖြစ်တဲ့ Channel-7 ရုပ်သံလိုင်းကနေလည်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

ပါကစ္စတန်ဘောလုံးအဖွဲ့ချုပ်(PFF) ဟာ ပြီး​ခဲ့တဲ့ မေ (၂၇) က အမှုဆောင်ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲကြောင့် ပါကစ္စတန်အသင်းနဲ့ မြန်မာအသင်း ယှဉ်ပြိုင်ကစားမယ့် ၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုပထမအကျော့ အိမ်ကွင်းပွဲကို အဝေးကွင်းအဖြစ် ပြောင်းလဲကစားဖို့ အာရှဘောလုံးအဖွဲ့ချုပ်(AFC) ထံ တောင်းဆိုထားခဲ့တာဖြစ်ပါတယ်။

မူလအတိုင်းဆိုရင် ပါကစ္စတန်အသင်းနဲ့ မြန်မာအသင်းဟာ ၂၀၂၇ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲ အုပ်စုပထမအကျော့အဖြစ် လာမယ့်ဇွန် ၁၀ ရက်မှာ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့မှာ ဒေသစံတော်ချိန် ည(၈) နာရီ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ပါကစ္စတန်ဘောလုံးအဖွဲ့ချုပ်(PFF) ဟာ အဲ့ဒီပွဲကို မြန်မာအသင်းရဲ့ အိမ်ကွင်းအဖြစ် ရန်ကုန်မြို့မှာ ဦးစွာကစားဖို့ အာရှဘောလုံးအဖွဲ့ချုပ်(AFC) ထံ တင်ပြခဲ့ပြီး ယခု AFC က ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ဒီပွဲအတွက် ပဏာမကစားသမား (၃၁) ဦးနဲ့ ပြီးခဲ့တဲ့မေ ၂၃ ရက်ကတည်းက လေ့ကျင့်နေခဲ့တာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ပါကစ္စတန်အသင်းနဲ့ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲ ကစားခွင့်မရရှိတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းတွေက မြန်မာ ယူ-၂၂ အသင်းနဲ့ ခြေစမ်းကစားရာ (၁-၂) ဂိုးနဲ့ ရှုံးခဲ့ပြီး MNL All Stars အသင်းနဲ့ ကစားရာမှာတော့ ဂိုးမရှိသရေကျထားပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲမှာ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ပြီးခဲ့တဲ့ မတ် ၂၅ ရက်က ခြေစစ်ပွဲ အုပ်စုပထမပွဲအဖြစ် အိမ်ကွင်းမှာ အာဖဂန်နစ္စတန်လက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ (၂-၁) ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။

Photos: MFF

မူရင်းသတင်း — Eleven Media Group