Eleven Media Group

■ စီရော်နယ်လ်ဒိုကို သတိထားကစားဖို့ လိုတယ်လို့ ဂျာမနီနည်းပြ နာဂယ်စ်မန်း သတိပေး

Photo: Getty Images

ဂျာမနီနည်းပြ နာဂယ်လ်မန်းစ်က ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ ပြိုင်ဘက်အသင်းတွေအတွက် အန္တရာယ်ရှိနေဆဲဖြစ်ပြီး သူ့ကို သတိထားကစားဖို့ လိုတယ်လို့ အသင်းသားတွေကို သတိပေးပြောကြားခဲ့ပါတယ်။

ဂျာမနီအသင်းသည် UEFA Nations League ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ပေါ်တူဂီအသင်းကို ဒီနေ့ည အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

အဲဒီပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျာမနီနည်းပြ နာဂယ်စ်မန်းက စီရော်နယ်လ်ဒို (၄၀ နှစ်)ကို ချီးကျူးခဲ့ပြီး သူတို့အသင်းအနေနဲ့ စီရော်နယ်လ်ဒိုကို သတိထားဖို့ လိုတယ်လို့ ပြောဆိုခဲ့တာပါ။

နာဂယ်စ်မန်းက "စီရော်နယ်လ်ဒိုက ကစားသမားဘဝတစ်လျှောက် ပြောင်မြောက်တဲ့ စွမ်းဆောင်မှုတွေကို နှစ်ပေါင်းများစွာ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအဆင့်မျိုးမှာ နှစ်ပေါင်းများစွာ စွမ်းဆောင်နိုင်တာဟာ သာမန်မဟုတ်ပါဘူး။ သူဟာ ဂိုးပေါင်းများစွာ သွင်းယူခဲ့သလို ကစားတဲ့အသင်းတိုင်းမှာလည်း လွှမ်းမိုးမှု ကြီးမားသူ ဖြစ်ပါတယ်။ အသက် (၄၀) ကျော်ပြီဖြစ်ပေမဲ့ စီရော်နယ်လ်ဒိုဟာ ပြိုင်ဘက်တွေအတွက် အန္တရာယ်ရှိနေဆဲပါပဲ။ သူ့ရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုနဲ့ ခေါင်းတိုက်ကျွမ်းကျင်မှုက အံ့မခန်းပါပဲ။ ကျွန်တော်တို့အနေနဲ့ သူ့ကို သတိထားကစားဖို့ လိုပါတယ်"လို့ ပြောကြားခဲ့တာပါ။

UEFA Nations League ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို တစ်ကျော့တည်း ကစားမှာဖြစ်ပြီး ဒီနေ့ည ကစားမယ့် ဂျာမနီ-ပေါ်တူဂီပွဲက အနိုင်ရတဲ့အသင်းဟာ မနက်ဖြန်ညကစားမယ့် စပိန်-ပြင်သစ်ပွဲက အနိုင်ရတဲ့အသင်းနဲ့ ဇွန် (၈) ရက်မှာ ဗိုလ်လုပွဲအဖြစ် ကစားရမှာဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group