Eleven Media Group

■ ဝက်စ်ဟမ်းတိုက်စစ်ကစားသမား ကူဒူစ်ကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်း ပစ်မှတ်ထား

Photo: Getty Images

ချယ်လ်ဆီးအသင်းဟာ ဝက်စ်ဟမ်းတိုက်စစ်ကစားသမား ကူဒူစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့တဲ့ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုရဲ့ ခြေစွမ်းကို သဘောမကျတာကြောင့် လျော်ကြေး ပေါင်သန်း (၅) သန်းပေးပြီး မန်ယူနိုက်တက်အသင်းဆီ ပြန်လွှတ်ခဲ့ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ အခုနွေရာသီမှာ အသက် (၂၄) နှစ်အရွယ် ဂါနာတိုက်စစ်ကစားသမား ကူဒူစ်ကို ခေါ်ယူနိုင်ရေးအတွက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ကူဒူစ်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး သူ့ရဲ့ စာချုပ်လျော်ကြေးက ပေါင် (၈၅)သန်း ဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြတာပါ။

ကူဒူစ်ဟာ ညာတေင်ပံမှာသာမက ကွင်းလယ်တိုက်စစ်နေရာမှာ ကစားနိုင်ပြီး ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ပြိုင်ပွဲစုံ (၃၅) ပွဲမှာ (၅) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၄) ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းကကူဒူစ်ကို ရောင်းချလိုခြင်းမရှိတာကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ သူ့ကို ခေါ်ယူမယ်ဆိုရင် စာချုပ်လျော်ကြေး ပေါင် (၈၅) သန်းကို ပေးချေရဖွယ်ရှိတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group