Eleven Media Group

အိုဆင်မန်ကို ဆော်ဒီလိဂ်မှာ မြင်တွေ့လိုခြင်းမရှိဘူးလို့ မီခေးလ် ဆို

Photo: X

နိုင်ဂျီးရီးယားလက်ရွေးစင်ဟောင်းဖြစ်တဲ့ မီခေးလ်က လက်ရှိ နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူး အိုဆင်မန်ကို ဆော်ဒီလိဂ်မှာ မြင်တွေ့လိုခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ဂါလာတာစာရေးအသင်းမှာ အငှားသွားကစားခဲ့တဲ့ နာပိုလီတိုက်စစ်မှူး အိုဆင်မန်ကို ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက တစ်နှစ်လစာ ယူရိုသန်း ၃၀ နဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းထွက်နေတာကြောင့် မီခေးလ်က အခုလိုပြောခဲ့တာပါ။

နာပိုလီနဲ့ လမ်းခွဲဖို့ ဆန္ဒရှိနေတဲ့ အိုဆင်မန်ကို ခေါ်ယူချင်တဲ့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေ ရှိနေတာကြောင့် မီခေးလ်က အိုဆင်မန်အနေနဲ့ ပရီးမီးယားလိဂ်ကိုပဲ ပြောင်းသင့်တယ်လို့လည်း အကြံပြုခဲ့ပါတယ်။

"ကျွန်တော် ဒီအချိန်မှာ သူ့ကို ဆော်ဒီလိဂ်မှာ မမြင်တွေ့ချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဥရောပက ကမ်းလှမ်းမှုတွေ အများကြီးရှိနေလို့ပါ။ ဒါကိုမှ ဆော်ဒီလိဂ်ကို သွားမယ်ဆိုရင်တော့ ရှက်စရာပါပဲ" လို့ မီခေးလ်က ဆိုခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group