
စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့လိုနေတယ်လို့ talkSPORT က ဖော်ပြခဲ့ပါတယ်။
အသက် (၂၇) နှစ်အရွယ် ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး ယိုကယ်ရက်စ်ဟာ ပြီးခဲ့တဲ့ရာသီက စပို့တင်းလစ္စဘွန်းအသင်းအတွက် ပြိုင်ပွဲစုံ (၅၂) ပွဲမှာ (၅၄) ဂိုးအထိ သွင်းယူပေးခဲ့ပြီး အသင်းကို ပေါ်တူဂီအမှတ်ပေးဖလားနဲ့ ပေါ်တူဂီပြည်တွင်းဖလားတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။
ဒါကြောင့် ယိုကယ်ရက်စ်ဟာ အခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ တောင်းဆိုမှုများတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ အာဆင်နယ်၊ ချယ်လ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်နဲ့ ဘာစီလိုနာတို့လို ဥရောပထိပ်တန်းအသင်းကြီးတွေက စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်သာမက ဥရောပပြိုင်ပွဲဝင်ခွင့်ပါ ဆုံးရှုံးထားတာကြောင့် ယိုကယ်ရက်စ်တို့လို ကစားသမားတွေကို ခေါ်ယူနိုင်ဖွယ်မရှိဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေတာပါ။
ဒါပေမဲ့ talkSPORT ရဲ့ ဖော်ပြချက်အရ ယိုကယ်ရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ သူ့ဆရာဟောင်း အာမိုရင်မ်နဲ့ လက်တွဲဖို့အတွက် လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်ထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ယိုကယ်ရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ပေါင် (၈၅) သန်းတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားပေမဲ့ စပို့တင်းလစ္စဘွန်းအသင်းအနေနဲ့ သူ့ကို ပေါင်သန်း (၆၀) နဲ့ ရောင်းချဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ယိုကယ်ရက်စ်အတွက် စပို့တင်းလစ္စဘွန်းအသင်းနဲ့ စကားပြောဆိုခြင်းမရှိသေးဘဲ သူ့ကို ခေါ်ယူမယ်ဆိုရင် အသင်းမှာရှိတဲ့ ကစားသမားအချို့ကို အရင်ရောင်းချပြီး ရန်ပုံငွေရှာဖို့ လိုတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။