
မန်စီးတီးကွင်းလယ်ကစားသမား ဖိုဒန်က ဒီလအတွင်း ကျင်းပမယ့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့အသင်းအနေနဲ့ ဗိုလ်စွဲဖို့ ရည်မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီနှစ်မှာ ပြိုင်ပွဲဝင် (၃၂) သင်းအထိ တိုးမြှင့်ကာ ပုံစံပြောင်းလဲ ကျင်းပမှာဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ဇွန် (၁၄) ရက်ကနေ ဇူလိုင် (၁၃) ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အရင်လို နှစ်စဉ်နှစ်တိုင်း မကျင်းတော့ဘဲ အခုနှစ်ကစပြီး (၄) နှစ်၊ (၁) ကြိမ် ကျင်းပတော့မှာဖြစ်လို့ ဖလားရဖို့ ပိုခက်ခဲသွားတာကြောင့် ပုံစံစတင်ပြောင်းလဲတဲ့ အခုနှစ်မှာပဲ ဗိုလ်စွဲဖို့ ရည်မှန်းထားတယ်လို့ မန်စီးတီးကွင်းလယ်ကစားသမား ဖိုဒန်က ပြောကြားခဲ့တာပါ။
ဖိုဒန်က "ကမ္ဘာ့အနှံ့က အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်တို့အတွက် အတွေ့အကြုံသစ်တစ်ခုဖြစ်လာဖြစ်ပြီး ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတာ အရမ်းကောင်းပါတယ်။ အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်ပြီး အနိုင်ရဖို့ ကြိုးစားသွားမှာပါ။ ပြိုင်ပွဲပုံစံသစ်မှာ ပထမဆုံးချန်ပီယံဖြစ်တယ်ဆိုတာ အရမ်းကောင်းပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ဒီပြိုင်ပွဲမှာ အနိုင်ရဖို့ပါပဲ။ ကျွန်တော်တို့အသင်းမှာ အဲဒီလိုလုပ်နိုင်တဲ့ အရည်အချင်းလည်း ရှိပါတယ်"လို့ FIFA သို့ ပြောကြားခဲ့ပါတယ်။
ဆက်ပြီးတော့ ဖိုဒန်က သူ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ခြေစွမ်းမပြနိုင်ခဲ့ပေမဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အကောင်းဆုံးကစားသမားတွေနဲ့ ယှဉ်ပြိုင်ပြီး ခြေစွမ်းပြနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့လည်း ပြောကြားခဲ့တာပါ။
မန်စီးတီးအသင်းသည် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု (G) မှာ Wydad AC (မော်ရိုကို)၊ အယ်လ်အိန်း (ယူအေအီး)၊ ဂျူဗင်တပ်စ်(အီတလီ)တို့နဲ့အတူ တစ်အုပ်စုတည်း ကျရောက်နေပြီး ဇွန် (၁၈) ရက်မှာ Wydad AC အသင်းနဲ့ အုပ်စုအဖွင့်ပွဲ ကစားရမှာ ဖြစ်ပါတယ်။