Eleven Media Group

■ စာချုပ်သက်တမ်းတိုး၊ မတိုးမှာ လီဗာပူးလ်အသင်းအပေါ် မူတည်ကြောင်း ဒီယက်ဇ် ပြောကြား

Photo: Getty Images

လီဗာပူးလ်တိုက်စစ်ကစားသမား ဒီယက်ဇ်က အသင်းနဲ့ စာချုပ်သက်တမ်းတိုး၊ မတိုးမှာ အသင်းအပေါ်မှာပဲ မူတည်တယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် (၂၈) နှစ်အရွယ် ကိုလံဘီယာလက်ရွေးစင်တိုက်စစ်ကစားသမား ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပေမဲ့ အခုနွေရာသီမှာ အသင်းပြောင်းရွှေ့နိုင်တယ်လို့ သတင်းထွက်ပေါ်နေတာပါ။

လာလီဂါထိပ်သီး ဘာစီလိုနာအသင်းက ဒီယက်ဇ်ကို ခေါ်ယူဖို့ ဆန္ဒရှိနေပြီး ကမ်းလှမ်းခဲ့ပေမဲ့ လီဗာပူးလ်အသင်းဘက်က ငြင်းပယ်ခဲ့ပြီး ဒီယက်ဇ်ကို မရောင်းဘူးဆိုပြီး အကြောင်းပြန်ခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

အခု ဒီယက်ဇ်က သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး သူ့အနေနဲ့ လီဗာပူးလ်အသင်းမှာ ပျော်ရွှင်နေပေမဲ့ စာချုပ်သက်တမ်းတိုး၊ မတိုးကတော့ အသင်းအပေါ်မှာပဲ မူတည်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီယက်ဇ်က "လီဗာပူးလ်မှာ ကျွန်တော် အရမ်းပျော်ပါတယ်။ လီဗာပူးလ်ကို ကျွန်တော် စရောက်တဲ့ ပထမဆုံးနေ့ကတည်းက အသင်းနဲ့ပတ်သက်သူတွေအားလုံးကို ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံခဲ့ကြတာပါ။ နွေရာသီမှာ တခြားအသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စအတွက် ကစားပြောကြတယ်ဆိုတာကတော့ ပုံမှန်ပါပဲ။ တကယ်လို့ လီဗာပူးလ်အသင်းက စာချုပ်သက်တမ်းတိုးခဲ့မယ်ဆိုရင် ဒါမှမဟုတ် စာချုပ်အတိုင်း လီဗာပူးလ်မှာ (၂) ဆက်ပြီး ကစားရမယ်ဆိုရင်လည်း ကျွန်တော် ပျော်မှာပါ။ စာချုပ်သက်တမ်း တိုးခြင်း၊ မတိုးခြင်းက လီဗာပူးလ်အသင်းအပေါ်မှာပဲ မူတည်ပါတယ်"လို့ ပြောကြားခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဒီယက်ဇ်အတွက် ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပေမဲ့ လက်ရှိမှာတော့ သူ့ကို စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိသေးဘူးလို့ The Athletic သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၅၀) မှာ (၁၇) ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၈) ကြိမ် ပြုလုပ်ခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group