
အန်ဒိုရာ - အင်္ဂလန် (မြန်မာစံတော်ချိန် ဇွန် ၆ ရက် ည ၁၀:၃၀ နာရီ)
အင်္ဂလန်က နည်းပြ တူဟယ်လ်လက်ထက်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ပွဲကစားထားရာမှာ နှစ်ပွဲစလုံး Clean Sheet ရလဒ်တွေနဲ့ချည်း အနိုင်ထားတယ်။ အုပ်စု (K) မှာ အင်္ဂလန်အသင်းကို ယှဉ်နိုင်တဲ့ အသင်းလည်းမရှိသလောက် ရှားပါတယ်။ အန်ဒိုရာကတော့ ဒီအုပ်စုမှာ အဖြည့်ခံအသင်းဖြစ်ပြီး အိမ်ကွင်းမှာ အင်္ဂလန်အသင်းကို ဂိုးမပြတ်အောင်ဘဲ ခံကစားဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမဲ့ ဟာရီကိန်း၊ ဝက်ကင်စ်တို့လို ကစားသမားတွေ ဦးဆောင်လာမယ့် အင်္ဂလန်တိုက်စစ်ကို ကြာကြာတောင့်ခံနိုင်ဖို့ မရှိပါဘူး။ အင်္ဂလန်အနည်းဆုံး (၄) ဂိုးလောက်တော့ ပြတ်မယ်ထင်တယ်။
မြောက်မက်ဆီဒိုးနီးယား - ဘယ်လ်ဂျီယံ (မြန်မာစံတော်ချိန် ဇွန် ၇ ရက် နံနက် ၁:၁၅ နာရီ)
ဘယ်လ်ဂျီယံအသင်းက ပြီးခဲ့တဲ့ မတ်လနိုင်ငံတကာရက်သတ္တပတ်မှာ UEFA Nations League တန်းဆင်း Play-offs ကစားခဲ့ရလို့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အခုမှ စတင်ကစားရမှာပါ။ ဘယ်လ်ဂျီယံအသင်းရဲ့ လူစာရင်းက ဒီဘရိုင်းနား၊ လူကာကူ၊ ထရိုဆက်၊ ဒိုကူ၊ တီလေမန်းစ်တို့နဲ့ တောင့်တင်းနေဆဲဖြစ်ပေမဲ့ UEFA Nations League ပြိုင်ပွဲမှာ အခြေအနေတော်တော်ဆိုးခဲ့လို့ တန်းဆင်း Play-offs ကစားခဲ့ရတာပါ။ ဒါပေမဲ့ နည်းပြသစ် ရူဒီဂါစီယာက တစ်ပွဲရှုံး၊ တစ်ပွဲနိုင်နဲ့ တန်းမဆင်းရအောင် စွမ်းဆောင်ပေးထားတယ်။ မြောက်မက်ဆီဒိုးနီးယားအသင်းက ဒီဘက်နှစ်ပိုင်းမှာ တိုးတက်မှုရှိလာတဲ့အသင်းဖြစ်ပြီး UEFA Nations League မှာ League (C) ကနေ League (B) ကို တန်းတက်ခွင့်ရထားသလို ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း နှစ်ပွဲကစား၊ လေးမှတ်နဲ့ အုပ်စုကို ဦးဆောင်နေတယ်။ ဒါပေမဲ့ လူအင်အားအရ အဘက်ဘက်က အသာစီးနေရသလို ဂါစီယာရဲ့ ဦးဆောင်မှုကြောင့် ဘယ်လ်ဂျီယံအသင်းကို ရွေးချယ်ချင်တယ်။
ဂျီဘရော်လ်တာ - ခရိုအေးရှား (မြန်မာစံတော်ချိန် ဇွန် ၇ ရက် နံနက် ၁:၁၅ နာရီ)
မိုဒရစ်ဦးဆောင်တဲ့ ခရိုအေးရှားအသင်းက လူငယ်မျိုးဆက်သစ်တွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်ပေမဲ့ အသင်းကြီးတစ်သင်းဆိုတဲ့အနေအထားကို ဆက်ထိန်းထားနိုင်ဆဲပဲ။ UEFA Nations League ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့ပြီး ပြင်သစ်အသင်းကို ပထမအကျော့ အိမ်ကွင်းပွဲမှာ နှစ်ဂိုးပြတ် အနိုင်ရခဲ့တယ်။ ဒါပေမဲ့ အဝေးကွင်းမှာ နှစ်ဂိုးပြတ် ပြန်ပြီးရှုံးနိမ့်ခဲ့သလို ပယ်နယ်တီအဆုံးအဖြတ်ကြောင့် နောက်ဆုံးအဆင့်တက်ရောက်ခွင့် မရခဲ့တာပါ။ ဂျီဘရော်လ်တာက အသင်းငယ်အချင်းချင်းဆိုရင် မရှုံးအောင် ခံကစားလာနိုင်ပေမဲ့ ကိုယ့်ထက်အဆင့်မြင့်တဲ့ ပြိုင်ဘက်တွေကိုတော့ ယှဉ်နိုင်စွမ်းမရှိသေးပါဘူး။ အခုကစား ရမှာကလည်း ကြားမြေဖြစ်တဲ့ ပေါ်တူဂီနိုင်ငံမှာဖြစ်လို့ ဂျီဘရော်လ်တာအတွက် မျှော်လင့်ချက် သိပ်မရှိပါဘူး။ ခရိုအေးရှားအသင်း အခက်အခဲမရှိဘဲ အနိုင်ရမှာဖြစ်ပြီး ဂိုးလည်းပြတ်သွားနိုင်တယ်။
နော်ဝေ - အီတလီ (မြန်မာစံတော်ချိန် ဇွန် ၇ ရက် နံနက် ၁:၁၅ နာရီ)
နော်ဝေအသင်းက အဖွင့်နှစ်ပွဲဆက် အဝေးကွင်းကစားခဲ့ရပေမဲ့ ဂိုးပြတ်ရလဒ်တွေနဲ့ အနိုင်ယူပြီး အုပ်စုထိပ်ဆုံးကနေ ဦးဆောင်နေတယ်။ မော်လ်ဒိုဗာကို ငါးဂိုးပြတ်၊ အစ္စရေးကို (၂-၄) ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဟာလန်းနဲ့ ဆော်လော့သ်တို့ကလည်း တစ်ဂိုးစီ သွင်းယူပေးထားတယ်။ နော်ဝေကစားသမားအများစုက ဥရောပထိပ်တန်းလိဂ်တွေမှာ အခြေစိုက်ကစား နေသူတွေဖြစ်ပြီး လူစာရင်းက အလယ်အလတ်အသင်းတွေထဲမှာ တောင့်တင်းမှုရှိပါတယ်။ အီတလီအသင်းကတော့ နောက်ဆုံးသုံးပွဲဆက် ရလဒ်မကောင်းပေမဲ့ ပြင်သစ်၊ ဂျာမနီတို့လို ထိပ်တန်းပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ UEFA Nations League ကွာတားဖိုင်နယ်မှာ ဂျာမနီအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ပေမဲ့ အဝေးကွင်းမှာတော့ သရေကျအောင် ရုန်းကန်ပြနိုင်ခဲ့တယ်။ နော်ဝေကလည်း ခြေတက်နေတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းကစားရမှာဖြစ်လို့ အမှတ်ခွဲယူရနိုင်တယ်။
■ အခြားပွဲစဉ်များ
*ဘော့စနီးယား - ဆမ်မာရီနို (မြန်မာစံတော်ချိန် ဇွန် ၆ ရက် ည ၇:၃၀ နာရီ)
*မော်လ်တာ - လစ်သူယေးနီးယား (မြန်မာစံတော်ချိန် ဇွန် ၆ ရက် ည ၁၀:၃၀ နာရီ)
*ဝေးလ်စ် - လီချင်စတိန်း (မြန်မာစံတော်ချိန် ဇွန် ၇ ရက် နံနက် ၁:၁၅ နာရီ)
အက်စတိုနီးယား - အစ္စရေး* (မြန်မာစံတော်ချိန် ဇွန် ၇ ရက် နံနက် ၁:၁၅ နာရီ)
*ချက် - မွန်တီနီဂရိုး (မြန်မာစံတော်ချိန် ဇွန် ၇ ရက် နံနက် ၁:၁၅ နာရီ)