Eleven Media Group

■ ဆုဖလားများစွာ ရယူသွားလိုတယ်လို့ ချယ်လ်ဆီးတိုက်စစ်မှူးသစ် ဒီလပ် ပြောကြား

Photo: Getty Images

ချယ်လ်ဆီးတိုက်စစ်မှူးသစ် ဒီလပ်က ချယ်လ်ဆီးအသင်းနဲ့အတူ ဆုဖလားများစွာ ရယူသွားလိုတယ်လို့ ပြောကြားခဲ့ပါတယ်။
အင်္ဂလန်တိုက်စစ်မှူး ဒီလပ်ဟာ မန်စီးတီးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ နွေရာသီက အစ်ဝစ်ချ်အသင်းသို့ ပေါင်သန်း ၂၀ နဲ့ ပြောင်းရွှေ့ခဲ့တာပါ။

သူဟာ အစ်ဝစ်ချ်အသင်းမှာ ပြိုင်ပွဲစုံ ပွဲ (၄၀) ကစားကာ (၁၂) ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့တာကြောင့် ချယ်လ်ဆီးအသင်းက စာချုပ်လျော်ကြေး ပေါင်သန်း (၃၀) နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အသက် (၂၂) နှစ်သာရှိသေးတဲ့ ဒီလပ်ကို ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိ ခြောက်နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။

ဒီလပ်က "ကျွန်တော်က ဒီ(ချယ်လ်ဆီး)အသင်းရဲ့ပွဲတွေကို ကြည့်ရှုပြီး ကြီးပြင်းလာခဲ့တာပါ။ ကျွန်တော် ဒီအသင်းမှာ ဆုဖလားများစွာ ရယူသွားချင်ပါတယ်။ အသင်းနဲ့ စကားပြောချိန်မှာ အားလုံးက ထိပ်ဆုံးကို ပြန်ရောက်ဖို့ အလိုရှိနေတာ သိလိုက်ရပါတယ်။ ဒီလိုလုပ်နိုင်တဲ့ အရည်အသွေးနဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။ အံ့အားသင့်စရာကောင်းတဲ့အရာတွေ ရရှိဖို့ နဲ့ အသင်းအတွက် ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဒီလပ်ဟာ ချယ်လ်ဆီးအသင်းမှာ ကျောနံပါတ် (၉) ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းမှာ ကျောနံပါတ် (၉) ကို အူဘာမီယန်းက နောက်ဆုံးဝတ်ဆင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ရာသီက ချယ်လ်ဆီးအသင်းမှ ကျောနံပါတ် (၉) ဝတ်ဆင်သူ မရှိခဲ့ဘူးလို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group