
စပိန်လူငယ်ကြယ်ပွင့်ကစားသမား ယမားလ်က ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းနဲ့ ကစားရမယ့် UEFA Nations League ဗိုလ်လုပွဲမှာ သူ ဘယ်သူလဲဆိုတာကို သက်သေပြသွားမယ်လို့ ကြုံးဝါးပြောကြားခဲ့ပါတယ်။
အသက် (၁၇) နှစ်အရွယ် ယမားလ်ဟာ မနေ့က ပြင်သစ်အသင်းကို (၅-၄) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ UEFA Nations League ဆီမီးဖိုင်နယ်ပွဲစဉ်မှာ (၂) ဂိုးသွင်းပြီး ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာပါ။
ပြင်သစ်အသင်းကို အနိုင်ရခဲ့တဲ့ စပိန်အသင်းဟာ UEFA Nations League ဗိုလ်လုပွဲအဖြစ် ဇွန် (၈) ရက်မှာ ပေါ်တူဂီအသင်းနဲဲ့ ကစားရမှာ ဖြစ်ပါတယ်။
စပိန်လူငယ်တိုက်စစ်ကစားသမား ယမားလ်က ပေါ်တူဂီနဲ့ ကစားရမယ့်ပွဲဟာ သူ ကစားချင်တဲ့ပွဲမျိုးဖြစ်ပြီး သူ ဘယ်သူလဲဆိုတာကို သက်သေပြသွားမယ်လို့ ပြောကြားခဲ့တာပါ။
"ပေါ်တူဂီလို ကြီးကျယ်ခမ်းနားတဲ့အသင်းနဲ့ ဗိုလ်လုပွဲကစားရမှာဖြစ်လို့ ကျွန်တော်တို့ စိတ်အားပိုပြီး တက်ကြွနေပါတယ်။ ကျွန်တော်က အဲဒီလိုပွဲမျိုးတွေ ကစားချင်တာပါ။ အဲဒီပွဲမှာ ကျွန်တော် ဘယ်သူလဲဆိုတာကို သက်သေပြသွားမှာပါ"လို့ ယမားလ်က ပြောကြားခဲ့ပါတယ်။
ယမားလ်အနေနဲ့ ပေါ်တူဂီနဲ့ ကစားမယ့်ပွဲမှာ အသက် (၄၀) ကျော်ပြီဖြစ်တဲ့ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်လ်ဒိုနဲ့ ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ယမားလ်က "စီရော်နယ်လ်ဒိုက ဘောလုံးဂန္ထဝင်ပါ။ ကစားသမားအားလုံး ကျွန်တော် လေးစားသလို စီရော်နယ်လ်ဒိုအပေါ်မှာလည်း လေးစားမှုအပြည့်ရှိပါတယ်။ ကျွန်တော့်အလုပ်ကို ကျွန်တော် လုပ်မှာပါ။ အဲဒါက အနိုင်ရဖို့ပါပဲ"လို့လည်း ပြောကြားခဲ့တာပါ။