
FA ဖလားချန်ပီယံ ခရစ္စတယ်ပဲလေ့စ်အသင်းအနေနဲ့ ပူးတွဲအသင်းပိုင်ရှင်ဖြစ်သူ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ဂျွန်တက်စတာကြောင့် လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို လက်လျှော့ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ၂၀၂၄-၂၀၂၅ ရာသီ FA ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲပြီး အသင်းတည်ထောင်တဲ့ (၁၁၉) နှစ်အတွင်း ပထမဆုံး မေဂျာဖလား ဆွတ်ခူးရရှိကာ လာမယ့် ၂၀၂၅-၂၆ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲလိဂ်အဆင့်ဝင်ခွင့် ရရှိထားတာပါ။
ဒါပေမဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ရှယ်ယာ (၄၅) ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး အဓိကရှယ်ယာရှင်ဖြစ်သူ တက်စတာကြောင့် အခက်တွေ့နေရတာ ဖြစ်ပါတယ်။
တက်စတာဟာ လီဂူး-၁ ကလပ် လိုင်ယွန်အသင်းကိုလည်း ပိုင်ဆိုင်ထားပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိနေတာပါ။ လိုင်ယွန်အသင်းမှာလည်း ၂၀၂၄-၂၀၂၅ ရာသီ လီဂူး-၁ ပြိုင်ပွဲမှာ အဆင့် (၆) နေရာ ရပ်တည်နိုင်ခဲ့တာကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲလိဂ်အဆင့် ဝင်ခွင့်ရရှိထားတာပါ။
ဒါကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)ရဲ့ ကလပ်အသင်းများစွာပိုင်ဆိုင်မှု စည်းမျဉ်းနဲ့ ငြိစွန်းနေတာ ဖြစ်ပါတ.ယ်။
တက်စတာက သူပိုင်ဆိုင်တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ရှယ်ယာတွေကို Blind Trust Option လို့ ခေါ်တဲ့ တတိယအုပ်စုတစ်ခုဆီ လွှဲပြောင်းထားဖို့ ဇွန် (၃) ရက်က UEFA တာဝန်ရှိသူတွေနဲ့ သွားရောက်ဆွေးနွေးပေမဲ့ သဘောတူညီမှုမရခဲ့ဘူးလို့ သိရပါတယ်။
UEFA စည်းမျဉ်းအရ ပိုင်ဆိုင်မှုအပြောင်းအလဲကို မတ် (၁) ရက်မတိုင်မီ ပြုလုပ်ဖို့ လိုအပ်တာကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်း လာမယ့် ၂၀၂၅-၂၆ ရာသီ ယူရိုပါလိဂ်ဝင်ခွင့် ဆုံးရှုံးဖွယ်ရှိနေတာ ဖြစ်ပါတယ်။