
၂၀၂၄-၂၅ ရာသီအတွက် လာလီဂါအကောင်းဆုံးကစားသမားဆုကို ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ညာက ဆွတ်ခူးခဲ့ပါတယ်။
ရာဖင်ညာဟာ မိခင်ကလပ်အသင်း လာလီဂါချန်ပီယံဆုအပါအဝင် ပြည်တွင်းဖလားသုံးလုံး ဆွတ်ခူးခဲ့တဲ့ အခုရာသီ အသင်းရဲ့ခြေစွမ်းအပြနိုင်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် သူ့ရဲ့ကစားသမားဘဝမှာ အကောင်းဆုံးဘောလုံးရာသီအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ရာဖင်ညာဟာ အခုရာသီ လာလီဂါပြိုင်ပွဲမှာ ၃၆ ပွဲကစား ၁၈ ဂိုးအထိ သွင်းယူခဲ့တာပါ။
ဘာစီလိုနာရဲ့ပထမဆုံးရာသီ ၂၀၂၂-၂၃ မှာ ၇ ဂိုး၊ ၂၀၂၃-၂၄ မှာ ၆ ဂိုးနဲ့ နှိုင်းယှဉ်ရင် များစွာမြင့်တက်ခဲ့ပါတယ်။
ဒါ့အပြင် အခုရာသီ လာလီဂါမှာ ၁၁ ဂိုး ဖန်တီးပေးပြီး အသင်းဖော် ယမားလ်(၁၅ ဂိုး)နောက် ဒုတိယအများဆုံး ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီ လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံးနည်းပြဆုကို ဟန်ဆီဖလစ်ခ်၊ ၂၃ နှစ်အောက် အကောင်းဆုံးကစားသမားဆုကို ယမားလ်တို့က ရရှိထားပြီးဖြစ်ပါတယ်။