
အင်္ဂလန်နာမည်ကျော်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်ဟာ ဗြိတိန်ဘုရင် ချားလ်စ်ရဲ့ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်တဲ့ knighthood ဘွဲ့ကို လက်ခံရရှိမယ်လို့ သိရပါတယ်။
knighthood ဘွဲ့ကို ဘက်ခမ်လက်ခံရရှိမှာ သေချာခဲ့ပြီလို့ ဗြိတိန်မီဒီယာအားလုံးနီးပါးက ဖော်ပြနေခဲ့တာပါ။
အသက် ၅၀ နှစ်ရှိပြီဖြစ်တဲ့ ဘက်ခမ်ဟာ ၂၀၀၃ ခုနှစ်ကလည်း OBE ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိခဲ့ဖူးပါတယ်။
ဗြိတိန်ဘုရင် ချားလ်စ်ရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်မှာဖြစ်ပြီး လာမယ့်အပတ်မှာ တရားဝင်စာရင်း ထုတ်ပြန်ဖို့ရှိပါတယ်။
ဘက်ခမ်ဟာ အောင်မြင်တဲ့ဘောလုံးသမားဘဝနဲ့ ဗြိတိန်လူမှုအဖွဲ့အစည်းအပေါ် ကူညီဆောင်ရွက်ပေးမှုတွေရှိခဲ့လို့ အခုဆုကို လက်ခံရရှိမှာဖြစ်တယ်။
ဘက်ခမ်အနေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁၀၅ ပွဲ ကိုယ်စားပြု ကစားပေးခဲ့တာပါ။
မန်ယူနိုက်တက်၊ ရီးယဲလ်မက်ဒရစ်၊ LA ဂလက်ဆီ၊ PSGနဲ့ အေစီမီလန်အသင်းတွေမှာ ကစားခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်မှာ ကစားသမားဘဝက အနားယူခဲ့ပါတယ်။
ဘက်ခမ်ဟာ ၂၀၁၁ ခုနှစ်က knighthood ဘွဲ့အတွက် ဆန်ခါတင်စာရင်း ဝင်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။