
UFC 316 ဖလိုင်းဝိတ်တန်းမှာ မြန်မာကစားသမား ဂျိုရှူအာဗန်က ပြိုင်ဘက် ဘရူနိုဆေးလ်ဗားကို တတိယအချီမှာ TKO နဲ့ အနိုင်ယူခဲ့ပါတယ်။
ဂျိုရှူအာဗန်ဟာ သူ့ထက် အဆင့်သတ်မှတ်ချက်မြင့်မားတဲ့ ဘရာဇီးလ်ဖိုက်တာ နဲ့ ထိုးသတ်ခဲ့ရတာပါ။
ဂျိုရှူအာဗန်ဟာ အရင်ပွဲတွေထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီး နိုင်ပွဲဆက်ခဲ့တာဖြစ်ပါတယ်။
ပထမအချီနဲ့ ဒုတိယအချီမှာ ဂျိုရှူအာဗန်ရဲ့ လက်သီးချက်တွေကြောင့် အထိနာခဲ့တဲ့ ဘရူနိုဆေးလ်ဗားဟာ တတိယအချီမှာ အရင်အချီတွေလို ထိုးသတ်နိုင်ခြင်းမရှိဘဲ ဂျိုရှူအာဗန်ရဲ့ တွဲလုံးလက်သီးများမိကာ ၄ မိနစ် ၁ စက္ကန့်မှာ ဒိုင်ပွဲရပ်နဲ့ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။
ဂျိုရှူအာဗန်ဟာ ပရော်ဖက်ရှင်နယ် MMA ကစားသမားဘ၀ ၁၄ ပွဲမြောက် နိုင်ပွဲရယူနိုင်ခဲ့ပြီး စုစုပေါင်း ၁၆ ပွဲထိုးသတ်ရာမှာ ၁၄ ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားပါတယ်။
နာမည်ကျော် တိုက်ခိုက်ရေးအဖွဲ့အစည်း UFC နဲ့ ရှစ်ပွဲ ထိုးသတ်ရာမှာ နိုင်ပွဲ ခုနစ်ပွဲအထိ ရယူနိုင်ခဲ့ပြီး နောက်ဆုံးလေးပွဲဆက်တိုက် အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။