
ဘယ်လ်ဂျီယံ - ဝေးလ်စ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)
ဒီအုပ်စုမှာ ဝေးလ်စ်အသင်းက သုံးပွဲကစား၊ ခုနစ်မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေတယ်။ ကာဇက်စတန်၊ လက်ချင်စတိန်းတို့ကို အိမ်ကွင်းမှာ အနိုင်ရပြီး မြောက်မက်ဆီဒိုးနီးယားနဲ့ အဝေးကွင်းမှာ သရေကျထားတာပါ။ ဘယ်လ်ဂျီယံအသင်းကတော့ တစ်ပွဲပဲ ကစားရသေးပြီး မြောက်မက်ဆီဒိုးနီးယားနဲ့ အဝေးကွင်းသရေပွဲ ရင်ဆိုင်ထားရတယ်။ လူကာကူ၊ ဒိုကူ၊ ဒီဘရိုင်းနားတို့လို ကစားသမားတွေနဲ့ ပွဲထွက်လာပေမဲ့ မြောက်မက်ဆီဒိုးနီးယားလိုအသင်းကို အနိုင်မရတာက စိတ်ပျက်စရာပါပဲ။ ဘယ်လ်ဂျီယံအသင်းက UEFA Nations League မှာလည်း အခြေအနေတော်တော်ဆိုးခဲ့ပြီး Play-offs မှာ ယူကရိန်းကို အနိုင်ရလို့ တန်းမဆင်းရတာပါ။ အခုပွဲလည်း အိမ်ကွင်းဆိုပေမဲ့ ခြေတက်နေတဲ့ ဝေးလ်စ်ကြောင့် အမှတ်ခွဲယူရနိုင်တယ်။
ခရိုအေးရှား - ချက် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)
ချက်အသင်းက သုံးပွဲစလုံး ရာနှုန်းပြည့်အနိုင်ရလဒ်နဲ့ ဒီအုပ်စုကို ဦးဆောင်နေတာပါ။ ပြိုင်ဘက်အသင်းတွေနဲ့ အဆင့်ကွာခြားမှုကြောင့်ဆိုပေမဲ့ ချက်အသင်းရဲ့ကစားပုံက အားရစရာကောင်းပြီး ပက်ထရစ်ရှစ်ကလည်း သုံးပွဲမှာ လေးဂိုးသွင်းယူပေးထားတယ်။ ခရိုအေးရှားအသင်းက တစ်ပွဲပဲကစားရသေးပေမဲ့ အုပ်စုတွင်းအားအနည်းဆုံး ဂျီဘရော်လ်တာကို အဝေးကွင်းမှာ ခုနစ်ဂိုးပြတ် သွင်းယူနိုင်ခဲ့တယ်။ အသင်းခေါင်းဆောင် မိုဒရစ်ကတော့ ဒုတိယပိုင်းမှ လူစားဝင်ကစားခဲ့တာပါ။ အုပ်စုပထမတစ်သင်းပဲ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှာဖြစ်လို့ ခရိုအေးရှားအနေနဲ့ ရာနှုန်းပြည့်အနိုင်ရထားတဲ့ ချက်အသင်းကို အိမ်ကွင်းမှာ တားဆီးနိုင်ဖို့ လိုတယ်။ အမှတ်ခွဲယူရဖို့ရှိပြီး ဂိုးလည်းနည်းနိုင်တယ်။
အီတလီ - မော်လ်ဒိုဗာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)
စီးရီးအေဂိုးသွင်းဘုရင် ရေတီဂူ၊ တိုနာလီ၊ ဘာရယ်လာ၊ အူဒိုဂီ၊ ဘတ်စတိုနီ၊ ဒွန်နာရမ်မာ တို့ပါဝင်ပေမဲ့ နော်ဝေကို သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ အီတလီအသင်းရဲ့ခြေစွမ်းက စိတ်ပျက်စရာပါ။ လေးပွဲဆက် နိုင်ပွဲပျောက်ထားပြီး သုံးပွဲအထိ ရှုံးနိမ့်ထားတဲ့ အခြေအနေကို ဒီပွဲမှာ အလှည့်အပြောင်းလုပ်ရမှာပါ။ မော်လ်ဒိုဗာက ပြီးခဲ့တဲ့နှစ်မှာ ရလဒ်ပိုင်း တော်တော်တိုးတက်လာပေမဲ့ ၂၀၂၅ ခုနှစ်ထဲမှာတော့ သုံးပွဲဆက် ရှုံးနိမ့်ထားတယ်။ အုပ်စုတွင်း အိမ်ကွင်းနှစ်ပွဲဆက်ကစားရပေမဲ့ နော်ဝေကို ငါးဂိုးပြတ်၊ အက်စ်တိုးနီးယားကို (၂-၃) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒီနှစ်သင်းကြား အခြေအနေက တော်တော်လေးကွာခြားလို့ အီတလီအသင်း သေချာပေါက် နိုင်ပွဲပြန်ယူမယ့်ပွဲပါ။ ဂိုးလည်းပြတ်လိမ့်မယ်။
အခြားပွဲစဉ်များ
ကာဇက်စတန် - မြောက်မက်ဆီဒိုးနီးယား *
အက်စ်တိုးနီးယား - နော်ဝေ *
* ဖာရိုးကျွန်းစုများ - ဂျီဘရော်လ်တာ