
စပိန်တင်းနစ်သမား အယ်လ်ကာရက်ဇ်ဟာ ပြင်သစ်အိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့်တစ်နဲ့ အီတလီတင်းနစ်သမား ယန်းနစ်ဆင်နာကို ပွဲငယ် ငါးပွဲအပြည့်ကစားပြီး အနိုင်ရကာ နှစ်နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ပါတယ်။
ဗိုလ်လုပွဲကစားချိန် ၅ နာရီ ၂၉ မိနစ် ကြာမြင့်ခဲ့ပြီး ပြင်သစ်အိုးပင်း ဗိုလ်လုပွဲတွေမှာ အချိန်ကြာဆုံးဖြစ်ခဲ့ကာ ပြိုင်ပွဲသမိုင်းရဲ့အကောင်းဆုံးပွဲတွေထဲက တစ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အယ်လ်ကာရက်ဇ်ဟာ နှစ်ပွဲပြတ် အရေးနိမ့်နေပြီးမှ သုံးပွဲပြတ် အနိုင်ယူခဲ့တာဖြစ်တယ်။
Tie Break ကစားရတဲ့ ပွဲငယ် သုံးပွဲအထိ ရှိခဲ့ပြီး အယ်လ်ကာရက်ဇ်က ၄-၆၊ ၆-၇(၄-၇)၊ ၆-၄၊ ၇-၆(၇-၃)၊ ၇-၆(၁၀-၂)နဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။
ဆင်နာအနေနဲ့ စတုတ္ထပွဲငယ်မှာ ၅-၃ အထိဦးဆောင်ကာ ဗိုလ်စွဲဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပြီးမှ ဆုဖလား လက်လွှတ်ခဲ့ရတာပါ။
အယ်လ်ကာရက်ဇ်ဟာ Open era ခေတ် ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ဆက်တိုက်ရယူနိုင်တဲ့ ရှစ်ဦးမြောက် အမျိုးသားတင်းနစ်သမား ဖြစ်လာခဲ့တယ်။
အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲမှာ အမေရိကန်တင်းနစ်မယ် ကိုကိုဂေါ့ဖ်က ကမ္ဘာ့အဆင့်တစ် ဆာဘာလန်ကာကို ၆-၇(၅-၇)၊ ၆-၂၊ ၆-၄ နဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။
ကိုကိုဂေါ့ဖ်အနေနဲ့ ကစားသမားဘ၀ ဒုတိယမြောက် ဂရင်းစလင်းဖလားဖြစ်ပြီး ၂၀၂၃ ယူအက်စ်အိုးပင်းမှာ ဗိုလ်စွဲခဲ့တဲ့နောက် ကစားသမားဘ၀ ဒုတိယမြောက် မေဂျာဖလားကို ရယူနိုင်ခဲ့ပါတယ်။