
ချင်းတိုင်းရင်းသား MMA ဖိုက်တာ ဂျိုရှူအာဗန်က UFC ဖလိုင်းဝိတ် ချန်ပီယံဟောင်း ဘရန်ဒန်မိုရီနိုနဲ့ ထိုးသတ်လိုကြောင်း ဘရူနိုဒါဆေးလ်ဗားကို အနိုင်ရအပြီး တောင်းဆိုလိုက်ပါတယ်။
ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားကို အနိုင်ရအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျိုရှူအာဗန်က '' နောက်ပွဲဆိုရင် တက္ကဆက်မှာ ထိုးချင်ပါတယ်။ ဘရန်ဒန်မိုရီနိုနဲ့ ထိုးချင်တာပါ။ မက္ကဆီကိုဖိုက်တာနဲ့ ထိုးသတ်ချင်လို့ပါ။ သူကို ကျွန်တော် လေးစားပြီးသားပါ။ သူက ပြီးပြည့်စုံတဲ့ ဖိုက်တာတစ်ယောက်ပါ။ ဒါပေမဲ့ UFC က ဘယ်လို စီစဉ်ပေးမလဲဆိုတာတော့ မသိဘူးပေါ့။ ကျွန်တော်ကတော့ ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်သူနဲ့ဖြစ်ဖြစ် ထိုးသတ်ဖို့ အဆင်သင့်ပါပဲ''လို့ ပြောကြားခဲ့ပါတယ်။
ချင်းတိုင်းရင်းသား ဖိုက်တာ ဂျိုရှူအာဗန် နောက်ထပ်ထိုးသတ်ဖို့ တောင်းဆိုလိုက်တဲ့ပွဲက လာမည့်စက်တင် ဘာ ၁၃ ရက်မှာ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဆန်အန်တိုနီရိုမြို့ရှိ Frost Bank Center မှာ ကျင်းပပြုလုပ်မယ့် UFC Fight Night 260 ပြိုင်ပွဲဖြစ်တယ်လို့ သိရပါတယ်။
တောင်းဆိုထားတဲ့ ဖိုက်တာကတော့ လက်ရှိ UFC ဖလိုင်းဝိတ်တန်းမှာ အဆင့်(၂) သတ် မှတ်ခံထားရတဲ့ မက္ကဆီကိုဖိုက်တာ ဘရန်ဒန်မိုရီနိုဖြစ်ပါတယ်။
ဘရန်ဒန်မိုရီနိုဟာ UFC ဖလိုင်းဝိတ်တန်း၏ချန်ပီယံဟောင်းဖြစ်ပြီး ပထမဆုံးချန်ပီယံခါးပတ်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်းက ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီတွင် လက်လွှတ်ခဲ့ရပါတယ်။
အဲဒီနောက် ဘရန်ဒန်မိုရီနိုဟာ UFC ဖလိုင်းဝိတ် ချန်ပီယံခါးပတ်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်မှာ ပြန်လည်ရယူခဲ့ပြီး ချန်ပီယံကာကွယ်ပွဲ နှစ်ပွဲထိုးသတ်ခဲ့ပါတယ်။
ဘရန်ဒန်မိုရီနိုဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှာ ထိုးသတ်တဲ့ ချန်ပီယံခါးပတ် ကာကွယ်ပွဲမှာ အနိုင်ရရှိခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်မှာ ထိုးသတ်တဲ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ရှုံးနိမ့်ပြီး ချန်ပီယံဂုဏ်ပုဒ်ကို လက်လွှတ်ထားခဲ့ရသူပါ။
ဘရန်ဒန်မိုရီနိုဟာ အသက်(၃၁) နှစ်ရှိပြီး ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝ(၃၃) ပွဲထိုးသတ်ထားရာ (၂၃) ပွဲနိုင်၊ (၈) ပွဲရှုံး၊ နှစ်ပွဲသရေကျထားပါတယ်။