Eleven Media Group

UEFA Nations League ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားစဉ် ပရိသတ်တစ်ဦး ပွဲကြည့်စင်ပေါ်က ပြုတ်ကျသေဆုံးခဲ့

Photo: Reuters

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပေါ်တူဂီနဲ့ စပိန်တို့ UEFA Nations League ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေတုန်း ပရိသတ်တစ်ဦး ပွဲကြည့်စင်ပေါ်က ပြုတ်ကျသေဆုံးခဲ့တယ်လို့ UEFA က အတည်ပြုကြေညာခဲ့ပါတယ်။
ဗိုလ်လုပွဲက မိနစ်(၉၀)အတွင်း သရေကျခဲ့တာကြောင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ကစားရာမှာ အချိန်ပိုပထမပိုင်းမှာပဲ ဝမ်းနည်းဖွယ်ဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။
ဗိုလ်လုပွဲကို မြူးနစ်မြို့က Allianz Arena ကွင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး သေဆုံးခဲ့တဲ့ ပရိသတ်ဟာ ပင်မပွဲကြည့်စင်ရဲ့ ဒုတိယထပ်ကနေ အောက်ထပ်က ထိုင်ခုံတွေပေါ် ပြုတ်ကျခဲ့တာပါ။
ဒါကြောင့် ဆေးဘက်အကူအဖွဲ့နဲ့ ကွင်းလုံခြုံရေး ဝန်ထမ်းတွေက အရေးပေါ်ကုသမှု ပြုလုပ်ပေးခဲ့ကြပေမဲ့ ကယ်တင်နိုင်ခြင်းမရှိခဲ့ဘူးလို့ UEFA က ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
စပိန်နည်းပြ ဒယ်လာဖွန်တေက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ သေဆုံးသွားတဲ့ ပရိသတ်ရဲ့ မိသားစုအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့သလို၊ အဲဒီပွဲမှာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ ပေါ်တူဂီနောက်ခံလူ နူနိုမန်ဒက်စ်ကလည်း ကျန်ရစ်သူ မိသားစုအတွက် စိတ်မကောင်းဖြစ်ရကြောင်း ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group