
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုက လက်ရှိကလပ်မှာပဲ ဆက်နေဖို့ရှိတယ်လို့ ပြောခဲ့ပါတယ်။
စီရော်နယ်လ်ဒို(၄၀ နှစ်)နဲ့ အယ်လ်နာဆာအသင်းစာချုပ်ဟာ အခုဇွန်လကုန်မှာ သက်တမ်းကုန်ဆုံးမှာပါ။
အစောပိုင်းက စီရော်နယ်လ်ဒိုဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ဖို့ အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းထွက်ခဲ့ပြီး Nations League ဗိုလ်လုပွဲမတိုင်ခင် ပြိုင်ပွဲကစားမှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။
အဲဒီနောက်မှာ စီရော်နယ်လ်ဒိုအနေနဲ့ လက်ရှိအသင်းမှာပဲ ဆက်နေဖို့ရှိတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။
Nations League ပြိုင်ပွဲမှာ ဗိုလ်စွဲအပြီး စီရော်နယ်လ်ဒိုက သူ့ရဲ့အနာဂတ်အပေါ် ''အနာဂတ်လား၊ ဘာမှမပြောင်းလဲပါဘူး။ အယ်လ်နာဆာပဲလားဆိုတော့ ဟုတ်ပါတယ်''လို့ ဖြေကြားခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ Nations League ဗိုလ်လုပွဲမှာ အရေးပါတဲ့ ဒုတိယချေပဂိုး သွင်းယူပေးခဲ့ပြီး လက်ရွေးစင်သွင်းဂိုး ၁၃၈ ဂိုးအထိ ရှိလာခဲ့ပါတယ်။
၎င်းအနေနဲ့ ၈၈ မိနစ်မှာတော့ လူစားလဲခံခဲ့ရပြီး ပယ်နယ်တီအဆုံးအဖြတ်မှာ မပါဝင်ခဲ့ပါဘူး။
ပေါ်တူဂီအသင်းကို ချန်ပီယံဖြစ်စေမယ့် နောက်ဆုံးပယ်နယ်တီကန်သွင်းချိန် ရော်နယ်လ်ဒို မကြည့်ရဲခဲ့တဲ့ပုံရိပ်တွေကလည်း လူမှုကွန်ရက်မှာ အများစိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။