Eleven Media Group

■ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန် ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ဘိုလစ်ဗီးယား - ချီလီ (မြန်မာစံတော်ချိန် ဇွန် ၁၁ ရက် နံနက် ၂:၃၀ နာရီ)
ဘိုလစ်ဗီးယားက Play-offs တစ်နေရာအတွက် မျှော်လင့်ချက် ပါးပါးရှိနေသေးတယ်။ ချီလီကတော့ ဇယားအောက်ဆုံးရောက်နေတဲ့ အသင်းဖြစ်ပြီး ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး။ အိမ်ရှင်အားသာချက်လည်း ရှိနေလို့ ဘိုလစ်ဗီးယားကိုပဲ ရွေးချင်တယ်။


ဥရုဂွေး - ဗင်နီဇွဲလား (မြန်မာစံတော်ချိန် ဇွန် ၁၁ ရက် နံနက် ၅:၃၀ နာရီ)
ဥရုဂွေးက ဒီပွဲမှာ အနိုင်ရရင် တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်တယ်။ ဗင်နီဇွဲလားကတော့ တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက်အနည်းငယ်ရှိနေသေးသလို၊ Play-offs တစ်နေရာ သေချာဖို့ဆိုရင် ဒီပွဲမှာ အမှတ်ရမှ ဖြစ်မယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံးတွေ့ဆုံမှု (၅) ကြိမ်မှာ ဥရုဂွေးက (၂) ပွဲ အနိုင်ရထားပြီး (၃) ပွဲဆက် ဂိုးမရှိသရေကျထားတယ်။ ဒီပွဲလည်း သရေကျနိုင်ပြီး အနိုင်ဆိုရင်တော့ အိမ်ရှင်ကို ကြိုက်တယ်။


အာဂျင်တီးနား - ကိုလံဘီယာ (မြန်မာစံတော်ချိန် ဇွန် ၁၁ ရက် နံနက် ၆:၃၀ နာရီ)
အာဂျင်တီးနားက ခြေစစ်ပွဲ အောင်မြင်ပြီးဖြစ်ပြီး ကိုလံဘီယာကတော့ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ဖို့အတွက် အမှတ်လိုအပ်နေသေးတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားလက်ရှိချန်ပီယံ အာဂျင်တီးနားရဲ့ Current Form က အရမ်းမှန်နေပြီး ခြေစွမ်းကလည်း အကောင်းဆုံးအနေအထားမှာ ရှိနေတယ်။ ဒီယက်ဇ် ဦးဆောင်တဲ့ ကိုလံဘီယာတိုက်စစ်က မဆိုးပေမဲ့ အာဂျင်တီးနားခံစစ်က ငြိမ်ပြီး တိုက်စစ်ကလည်း အကောင်းဆုံးပုံစံမှာ ရှိနေတယ်။ အိမ်ရှင် အာဂျင်တီးနားပဲ ကပ်နိုင်မယ်ထင်တယ်။


ဘရာဇီးလ် - ပါရာဂွေး (မြန်မာစံတော်ချိန် ဇွန် ၁၁ ရက် နံနက် ၇:၁၅ နာရီ)
နာမည်ကျော်နည်းပြ အန်ဆယ်လော့တီအနေနဲ့ ပွဲဦးထွက် မလှခဲ့တာကို အခုပွဲမှာ ချေဖျက်ဖို့ ပြင်ဆင်လာမှာပါ။ အိမ်ကွင်းလည်း ဖြစ်နေလို့ အနိုင်ရဖို့အတွက် အန်ဆယ်လော့တီ အကောင်းဆုံးပြင်ဆင်ထားလိမ့်မယ်။ ဘရာဇီးလ်ရော ပါရာဂွေးပါ ဒီပွဲမှာ အနိုင်ရရင် ခြေစစ်ပွဲတိုက်ရိုက်အောင်မှာဖြစ်လို့ ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့လည်း ရှိနေတယ်။ အန်ဆယ်လော့တီအနေနဲ့ အိမ်ရှင်ပရိသတ်တွေရှေ့မှာ မျက်နှာမပျက်အောင် စွမ်းဆောင်ပါလိမ့်မယ်။ ပါရာဂွေး ခြေစွမ်းကောင်းပေမဲ့ ဘရာဇီးလ်ကိုပဲ ရွေးထားချင်တယ်။


ပီရူး - အီကွေဒေါ (မြန်မာစံတော်ချိန် ဇွန် ၁၁ ရက် နံနက် ၈:၀၀ နာရီ)
အီကွေဒေါက ဒီပွဲမှာ အမှတ်ရရုံနဲ့ ခြေစစ်ပွဲတိုက်ရိုက်အောင်မှာဖြစ်ပြီး ပီရူးကတော့ ဘာမျှော်လင့်ချက်မှ မရှိတော့ပါဘူး။ ပီရူးမှာ အားသာချက်ဆိုလို့ အိမ်ကွင်းတစ်ခုတည်းသာရှိပြီး အမှတ်လိုနေတဲ့ အီကွေဒေါအသင်းကိုပဲ ရွေးထားချင်တယ်။

မူရင်းသတင်း — Eleven Media Group