
မဲလ်ဘုန်းမြို့တော်ဝန်က စပါးအသင်းကို အသင်းနည်းပြရာထူးကနေ ထုတ်ပယ်လိုက်တဲ့ ပိုစတီကိုဂလူးကို ပြန်လည်ခန့်အပ်ဖို့ တောင်းဆိုခဲ့ပြီး စပါးအသင်းဟာ ဆုဖလားတွေနဲ့ ဓာတ်မတည့်တဲ့အသင်းလို့ စွပ်စွဲခဲ့ပါတယ်။
သြစတြေးလျလူမျိုးနည်းပြ ပိုစတီကိုဂလူးဟာ မဲလ်ဘုန်းမြို့မှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက စပါးအသင်းကို (၁၇) နှစ်အတွင်း ပထမဆုံးမေဂျာဆုဖလားအဖြစ် ယူရိုပါလိဂ်ဖလားကို ရယူပေးနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့အပတ်က ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
အခု မဲလ်ဘုန်းမြို့တော်ဝန်က စပါးအသင်းအနေနဲ့ ပိုစတီကိုဂလူးကို အသင်းနည်းပြအဖြစ် ပြန်လည်ခန့်အပ်သင့်တယ်လို့ ပြောကြားခဲ့တာပါ။
မဲလ်ဘုန်းမြို့တော်ဝန် နီချိုလက်စ်ရီးစ်က "မဲလ်ဘုန်းက လူတွေနဲ့ ကမ္ဘာ့တစ်ဝန်းက ပရီးမီးယားလိဂ်ပရိသတ်တွေကိုယ်စား ကျွန်တော့်အနေနဲ့ ပိုစတီကိုဂလူးကို အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ စပါးအသင်းကို ပြန်လည်စဉ်းစားပေးဖို့ တောင်းဆိုပါတယ်။ ပိုစတီကိုဂလူးရဲ့ အောင်မြင်မှုအပေါ် ဆာလောင်စိတ်နဲ့ အသင်းကို ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေ ရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ အရည်အချင်းကို ဘယ်တော့မှ သံသယမရှိပါနဲ့။ ဘာလို့လဲဆိုတော့ သူဟာ နည်းပြဘဝတစ်လျှောက် သက်သေပြခဲ့ပြီးသားဖြစ်လို့ပါ။ ဒီနှစ်မှာလည်း သူဟာ စပါးအသင်းကို ယူရိုပါလိဂ်ဖလား ရယူပေးခဲ့တယ်။ ဒါဟာ စပါးအသင်းအတွက် (၁၇) နှစ်အတွင်း ပထမဆုံးဖလားပါ။ တကယ်လို့ ပိုစတီကိုဂလူးဟာ စပါးအသင်းမှာ ဆက်ရှှိနေမယ်ဆိုရင် အနာဂတ်မှာ သူတို့ ဖလားတွေရတာကို ကျွန်တော်တို့ မြင်ရဦးမှာပါ။ စပါးအသင်းကို ဆုဖလားတွေနဲ့ ဓာတ်မတည့်တဲ့ အသင်းမဖြစ်ပါစေနဲ့"လို့ သူ့ရဲ့ Instagram မှာ ရေးသားခဲ့တာပါ။
ပိုစတီကိုဂလူးဟာ ကစားသမားဘဝကို မဲလ်ဘုန်းအခြေစိုက် Southern မဲလ်ဘုန်းအသင်းမှာ ကာလရှည်ကစားခဲ့တာပါ။ သူဟာ နည်းပြဘဝမှာလည်း Southern မဲလ်ဘုန်းအသင်းကို ကိုင်တွယ်ခဲ့သလို မဲလ်ဘုန်းဗစ်ထရီကိုလည်း ကိုင်တွယ်နည်းပြခဲ့သူ ဖြစ်ပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ယူရိုပါလိဂ်ဖလား ရရှိခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာ အဆင့် (၁၇) သာ ရရှိခဲ့တာကြောင့် အသင်းနည်းပြ ပိုစတီကိုဂလူးကို ရာထူးက ထုတ်ပယ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ကို အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ ဆွေးနွေးနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။