
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ တူဟယ်လ်က ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ မယှဉ်ပြိုင်ရခြင်းက လာမယ့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှာ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းကို အားသာစေကြောင်း ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းက ချန်ပီယံဖြစ်ခဲ့ပြီး အာဆင်နယ်အသင်းက ဒုတိယနေရာမှာ ရပ်တည်ခဲ့တာပါ။
လီဗာပူးလ်နဲ့ အာဆင်နယ်တို့ဟာ ဇွန် (၁၄) ရက်ကနေ ဇူလိုင် (၁၃) ရက်အထိ ကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မပါဝင်တာကြောင့် လာမယ့် ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှာ အားသာချက်ရှိနေတယ်လို့ တူဟယ်လ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
တူဟယ်လ်က "ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက ကြီးမားတဲ့ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ အဲဒီပြိုင်ပွဲမှာ မယှဉ်ပြိုင်ရခြင်းက လာမယ့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှာ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ကို အားသာစေမှာပါ။ ဒါပေမဲ့ ပုံစံသစ်နဲ့ ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားခွင့်ရတဲ့ ကစားသမားတွေကတော့ အတွေ့အကြုံကောင်းတွေ ရမှာပါ။ ဒီတော့ ဒီပြိုင်ပွဲက ကောင်းကွက်ရှိသလို ဆိုးကွက်တွေလည်း ရှိပါတယ်။ ကျွန်တော်ကတော့ အဲဒီအတွက် သိပ်စိတ်မပူပါဘူး"လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရီးမီးယားလိဂ်က မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ခွင့်ရထားပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ အဲဒီပြိုင်ပွဲကြောင့် သူ့ကစားသမားတွေ ပွဲပန်းနိုင်တာကြောင့် လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်ဖို့ ခက်ခဲနိုင်တယ်လို့ သုံးသပ်ထားတာပါ။