
အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီက အသင်းတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့အတွက် အာဆင်နယ်၊ ဘာစီလိုနာအပါအဝင် ဥရောပထိပ်တန်းအသင်းတွေ စိတ်ဝင်စားနေတာဟာ မထူးဆန်းဘူးလို့ ပြောကြားခဲ့ပါတယ်။
အသက် (၂၅) နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ဟာ ၂၀၂၄ နွေရာသီကမှ မန်စီးတီးအသင်းကနေ အက်သလက်တီကိုမက်ဒရစ်အသင်းကို ပေါင် (၈၂) သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် ခြေစွမ်းပြပြီး ပြိုင်ပွဲစုံ (၅၄) ပွဲမှာ (၂၉) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၇) ကြိမ် ပြုလုပ်ပေးခဲ့တာပါ။
ဒါကြောင့် အခုနွေမှာ သူ့ကို ခေါ်ယူဖို့ အာဆင်နယ်၊ ဘာစီလိုနာအပါအဝင် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ဆီမြွန်နီက "အယ်လ်ဗာရက်ဇ်က အသက် (၂၅) နှစ်ပဲ ရှိသေးပေမဲ့ အရမ်းကောင်းတဲ့ ကစားသမားပါ။ သူက အောင်မြင်မှုအတွက် ဆာလောင်နေသူဖြစ်ပြီး အလုပ်ကြိုးစားမှုနဲ့ စိတ်အားထက်သန်မှုကလည်း ထိပ်တန်းအဆင့်မှာ ရှိသူပါ။ ဒီတော့ အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ဘာစီလိုနာ၊ အာဆင်နယ်၊ PSG နဲ့ လီဗာပူးလ်တို့လို အကောင်းဆုံးအသင်းတွေ စိတ်ဝင်စားတာဟာ မဆန်းပါဘူး"လို့ ပြောကြားခဲ့တာပါ။
ဆက်ပြီးတော့ ဆီမြွန်နီက သူတို့အနေနဲ့ အယ်လ်ဗာရက်ဇ်ကို ပိုင်ဆိုင်ထားတဲ့အတွက် ဂုဏ်ယူကြောင်းနဲ့ သူ့ကို အသင်းမှာ ပျော်ရွှင်အောင် ထားဖို့အတွက် အောင်မြင်မှုတွေ ရယူနိုင်ဖို့ လိုတယ်လို့လည်း ပြောကြားခဲ့ပါတယ်။