
အာဂျင်တီးနားနည်းပြ စကာလိုနီက ကိုလံဘီယာနဲ့ သရေကျခဲ့တဲ့ပွဲမှာ မက်ဆီက သူ့ကို လူစားလဲပေးဖို့ တောင်းဆိုခဲ့တယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဒီနေ့နံနက်က ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာဂျင်တီးနား (၁-၁) ကိုလံဘီယာပွဲမှာ အာဂျင်တီးနားနည်းပြ စကာလိုနီဟာ ပွဲချိန် (၇၈) မိနစ်မှာ မက်ဆီကို ပလာစီယိုနဲ့ လူစားလဲခဲ့တာပါ။
မက်ဆီကို လူစားလဲချိန်မှာ အာဂျင်တီးနားအသင်းအနေနဲ့ ကိုလံဘီယာအသင်းကို (၀-၁) ဂိုးနဲ့ ရှုံးနိမ့်နေချိန်ဖြစ်ပြီး ချေပဂိုးရဖို့ အရေးကြီးနေချိန်မှာ အသင်းခေါင်းဆောင် မက်ဆီကို လူစားလဲခဲ့ခြင်းအပေါ် မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။
ဒါကြောင့် ပွဲအပြီးမှာ အာဂျင်တီးနားနည်းပြ စကာလိုနီက သူ့အနေနဲ့ မက်ဆီကို လူစားလဲခဲ့တာဟာ ကစားသမားရဲ့ တောင်းဆိုမှုကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။
စကာလိုနီက "လီယို(မက်ဆီ)ကို လူစားလဲဖို့ အစီအစဉ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ လူစားလဲခဲ့ရပါတယ်။ လီယိုက သူ့ကို လူစားလဲလိုက်တာ ပိုကောင်းလိမ့်မယ်လို့ ကျွန်တော့်ကို ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သူ့ကို လူစားလဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ မက်ဆီ ကွင်းထဲမှာ မရှိချိန်မှာတောင် အဆုံးထိ တိုက်ပွဲဝင်ခဲ့တဲ့ အသင်းရဲ့စွမ်းဆောင်မှုအပေါ် ကျွန်တော်တို့ ကျေနပ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ ကိုလံဘီယာနဲ့ပွဲမှာ ပွဲချိန် (၂၄) မိနစ်မှာ ဒီယက်ဇ်ရဲ့သွင်းဂိုးကို ခွင့်ပြုခဲ့ရပေမဲ့ ပွဲချိန် (၈၁) မိနစ်မှာ အယ်လ်မာဒါက ချေပဂိုးသွင်းခဲ့တာကြောင့် ပွဲအပြီးမှာ (၁-၁) ဂိုးနဲ့ သရေကျခဲ့ပါတယ်။