Eleven Media Group

■ မန်စီးတီးကို ဆုဖလားတွေ အများကြီးရအောင် ကူညီပေးချင်တယ်လို့ ရိုင်ဒါစ် ပြောကြား

Photo: Man City

မန်စီးတီးကွင်းလယ်ကစားသမားသစ် ရိုင်ဒါစ်က သူ့အနေနဲ့ အသင်းကို ဆုဖလားတွေ အများကြီးရအောင် ကူညီပေးချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အသက် (၂၆) နှစ်အရွယ် အေစီမီလန်ကွင်းလယ်ကစားသမား ရိုင်ဒါစ်ကို ကနဦးပြောင်းရွှေ့ကြေး ပေါင် (၄၆.၅) သန်းနဲ့ ခေါ်ယူပြီး (၅) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာပါ။

ရိုင်ဒါစ်ဟာ အိုင်နူရီ၊ ဘတ်တင်နယ်လီ၊ ချယ်ကီတို့ပြီးနောက် အခုနွေရာသီမှာ မန်စီးတီးအသင်း ခေါ်ယူခဲ့တဲ့ (၄) ဦးမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ရိုင်ဒါစ်ကို အချိန်မီခေါ်ယူနိုင်ခဲ့တာကြောင့် သူ့အနေနဲ့ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပါဝင်ကစားခွင့်ရမှာ ဖြစ်ပါတယ်။

ရိုင်ဒါစ်က "မန်စီးတီးအသင်းနဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်။ မန်စီးတီးဟာ ကမ္ဘာပေါ်မှာ ကြီးကျယ်ခမ်းနားဆုံးအသင်းတွေထဲ တစ်သင်းတစ်သင်းဖြစ်သလို ကမ္ဘာ့အကောင်းဆုံးနည်းပြ၊ ကမ္ဘာ့ထိပ်တန်းကစားသမားတွေ၊ ကမ္ဘာ့ထိပ်တန်းအသုံးအဆောင်တွေနဲ့ ပြည့်နှက်နေတဲ့ အသင်းဖြစ်ပါတယ်။ ဂွါဒီယိုလာလက်အောက်မှာ မန်စီးတီးအသင်းဟာ ဆုဖလားများစွာ ရယူနိုင်ခဲ့ရပါတယ်။ ကျွန်တော့်အနေနဲ့ လာမယ့်နှစ်တွေ မန်စီးတီးအသင်းကို အောင်မြင်မှုတွေ အများကြီးရဖို့ ကူညီပေးချင်ပါတယ်"လို့ ပြောကြားခဲ့တာပါ။

နယ်သာလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ရိုင်ဒါစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၅၄) ပွဲကစားခဲ့ပြီး (၁၅) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၅) ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group