Eleven Media Group

နည်းပြ တူဒေါကို ၂၀၂၇ အထိ သက်တမ်းတိုးဖို့ ဂျူဗင်တပ်စ် သဘောတူညီမှုရ

Photo: Getty Images

ဂျူဗင်တပ်စ်အသင်းဟာ နည်းပြ တူဒေါကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။
ဂျူဗင်တပ်စ်အသင်းက ပြီးခဲ့တဲ့ မတ်လမှာ နည်းပြ သီယာဂိုမော့တာကို ရာထူးကထုတ်ပယ်ပြီး တူဒေါကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ခဲ့တာပါ။
ဂျူဗင်တပ်စ်အသင်းက ရာသီသစ်မစခင် ထိပ်တန်းနည်းပြတစ်ဦး ပြောင်းလဲခန့်အပ်ဖို့ ဆန္ဒရှိခဲ့ပေမဲ့ ရည်ရွယ်ထားတဲ့နည်းပြကို ခေါ်ယူနိုင်ခြင်းမရှိတာကြောင့် တူဒေါကိုပဲ သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်တယ်လို့ အီတလီမီဒီယာတချို့က ဆိုပါတယ်။
တူဒေါ(၄၇ နှစ်)ကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးမယ့်အပြင် တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်မယ်လို့ သိရပါတယ်။
ဂျူဗင်တပ်စ်အသင်းရဲ့ တာဝန်ရှိသူတွေက ပြည်တွင်းမှာသာမက ဥရောပအဆင့်မှာပါ အောင်မြင်မှုတွေ ပြန်လည်ရယူနိုင်ဖို့ မျှော်မှန်းနေပြီး တူဒေါကို လုံလောက်တဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ပေးသွားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group