Eleven Media Group

ယိုကယ်ရက်စ်ကို ယူရိုသန်း(၇၀)နဲ့ ထွက်ခွာခွင့်ပြုရမယ့် သဘောတူညီမှု ရှိမထားဘူးလို့ စပို့တင်းလစ္စဘွန်းဥက္ကဋ္ဌ ဆို

Photo: Getty Images

စပို့တင်းလစ္စဘွန်းအသင်းရဲ့ ဥက္ကဋ္ဌ ဗာရန်ဒက်စ်က ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်ကို ပြောင်းရွှေ့ ကြေး ယူရိုသန်း(၇၀)နဲ့ ထွက်ခွာခွင့်ပြုရမယ့် သဘောတူညီမှု ရှိမထားဘူးလို့ ပြောကြားခဲ့ပါတယ်။
ယိုကယ်ရက်စ်(၂၇ နှစ်)ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဥရောပထိပ်သီးအသင်းတွေ ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ စပို့တင်းလစ္စဘွန်းမှာ ဆက်ရှိခဲ့တာဟာ ဒီနွေမှာ ယူရိုသန်း(၇၀)နဲ့ ထွက်ခွာခွင့်ရမယ့် သဘောတူညီချက်ရယူခဲ့တာကြောင့်လို့ သတင်းထွက်လာခဲ့ပါတယ်။
ဒီသတင်းကို ဗာရန်ဒက်စ်က ဖြေရှင်းခဲ့ခြင်းလည်း ဖြစ်ပါတယ်။
''ကျွန်တော် အာမခံနိုင်တာက ယိုကယ်ရက်စ်ကို ယူရိုသန်း(၆၀)+ ယူရို(၁၀)သန်းနဲ့ အသင်းက ထွက်ခွာခွင့်ပြုမှာမဟုတ်ဘူး ဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဘယ်တုန်းကမှ အဲဒီလို ကတိမပေးဖူးတာကြောင့်ပါ။ ပြီးတော့ ယိုကယ်ရက်စ်အ တွက် ကမ်းလှမ်းမှုလည်း တစ်ခုမှ မရရှိသေးပါဘူး။ ဒီနေ့တင်မဟုတ်ပါဘူး။ မနှစ်ကတည်းက ကမ်းလှမ်းမှု မရှိခဲ့ပါဘူး'' လို့ ဗာရန်ဒက်စ်က ဆိုပါတယ်။
စပို့တင်းလစ္စဘွန်းအသင်းဟာ ယိုကယ်ရက်စ်ကို ယူရိုသန်း(၁၀၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားပေမဲ့ ဗာရန်ဒက်စ်က အဲဒီတန်ဖိုးအတိုင်း အပြည့်အဝရရှိအောင် တောင်းဆိုသွားမှာမဟုတ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။
''ကျွန်တော် ဘာကို အာမခံချက်ပေးနိုင်သလဲဆိုရင်တော့ ယိုကယ်ရက်စ်အတွက် ယူရိုသန်း(၁၀၀) တောင်းဆိုသွားမှာမဟုတ်ဘူး ဆိုတာပါပဲ။ အသက် (၂၇)နှစ်အရွယ် ကစားသမားတစ်ယောက် ပေါ်တူဂီကနေ ယူရိုသန်း(၁၀၀) ဒါမှမဟုတ် ယူရို သန်း(၉၀)နဲ့ ထွက်ခွာသွားတာလည်း မရှိဖူးသေးပါဘူး''လို့ ဗာရန်ဒက်စ်က ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group