Eleven Media Group

ပြိုကျခဲ့သည့် Sky Villa ကွန်ဒိုမှ အလောင်းငါးလောင်း ထပ်မံတွေ့ရှိပြီး စုစုပေါင်း အလောင်း ၁၃၀ ကျော် တွေ့ရှိပြီးဖြစ်

ပြိုကျခဲ့သည့် Sky Villa ကွန်ဒိုမှ အလောင်းငါးလောင်း ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း အလောင်း ၁၃၀ ကျော် တွေ့ရှိပြီးဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဇွန် ၁၂ ရက်တွင် အင်အားပြင်းငလျင်ကြောင့် ပြိုကျခဲ့သည့် မန္တလေးမြို့ Sky Villa အဆောက်အဦ (A) အဆောင်နှင့် (B) အဆောင်တို့အား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် B အဆောင် အခန်းအမှတ် H-4 မှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့၏ ရုပ်အလောင်းများအား တွေ့ရှိခဲ့ရကြောင်း၊ ယင်းအဆောက်အအုံတွင် ရှာဖွေရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန် ၆ ရက်အထိ အဆိုပါကွန်ဒိုမှ ရုပ်အလောင်း ၁၃၀ ကျော် တွေ့ရှိထားပြီးဖြစ်ကာ ဇွန် ၁၂ ရက်တွင် အလောင်းငါးလောင်း ထပ်မံတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group