
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ဟာ မကြာခင်ကျင်းပတော့မယ့် ကလပ်ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ပရိသတ်ကွင်းအပြည့်ဖြစ်နေစေဖို့ လက်မှတ်အပိုပေးပြီး ဆွဲဆောင်နေတယ်လို့ သိရပါတယ်။
၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံမှာ ဇွန်(၁၄)ကနေ ဇူလိုင်(၁၃)အထိ ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း (၃၂)သင်း ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
ဖီဖာက ဒီပြိုင်ပွဲအပေါ် အများကြီးမျှော်လင့်ထားခဲ့ပေမဲ့ လက်မှတ်ရောင်းချရမှု နည်းပါးနေတဲ့အတွက် ကွင်းထဲ နေရာလွတ်တွေ ရှိိနေမှာကို စိုးရိမ်နေရပါတယ်။
ဖီဖာအနေနဲ့ လက်မှတ်စျေးနှုန်းကို တစ်ဆင့်ပြီးတစ်ဆင့် လျှော့ချပေးနေပေမယ့် ရောင်းအားက သိပ်တက်မလာခဲ့ပါဘူး။
ဒါကြောင့် Miami Dade College နဲ့ ပူးပေါင်းပြီး အဲဒီက ကျောင်းသားတွေကို အဖွင့်ပွဲအတွက် လက်မှတ်တစ်စောင် ဝယ်ရင် အပို(၄)စောင် ထပ်ပေးမယ့် အစီအစဉ် ပြု လုပ်ပြီး ဆွဲဆောင်နေကြောင်း သိရပါတယ်။
ကလပ်ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ အိမ်ရှင်ကလပ် အင်တာမိုင်ယာမီအသင်းနဲ့ အီဂျစ်ကလပ် အယ်လ်အာလီအသင်းတို့ ယှဉ်ပြိုင်မှာပါ။
Miami Dade College မှာ ကျောင်းသား တစ်သိန်းကျော်ရှိပြီး အဖွင့်ပွဲကျင်းပမယ့် Hard Rock ကွင်းက ပရိသတ် (၆၅၀၀၀)နီးပါးပဲ ဝင်ဆံ့တယ်လို့ သိရပါတယ်။