Eleven Media Group

လာမယ့်ရာသီ AFC Challenge League ပြိုင်ပွဲမှာ မြန်မာကလပ်နှစ်သင်း ယှဉ်ပြိုင်ခွင့်ရပြီး ရှမ်းယူနိုက်တက်အသင်းက အုပ်စုအဆင့်၊ ရန်ကုန်ယူနိုက်တက်အသင်းက ခြေစစ်ပွဲအဆင့် စတင်ကစားရမယ်

Photo: AFC

အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဟာ လာမယ့် ၂၀၂၅-၂၀၂၆ ရာသီ AFC Challenge League ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရမယ့်အသင်းတွေကို ထုတ်ပြန်ခဲ့ပြီး မြန်မာကလပ်နှစ်သင်း ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။

မြန်မာကလပ်အသင်းတွေဟာ အာရှဘောလုံးအဖွဲ့ချုပ်ကပြုလုပ်တဲ့ ကလပ်ပြိုင်ပွဲတွေမှာ တတိယအဆင့်ရှိ AFC Challenge League ပြိုင်ပွဲမှာသာ ယှဉ်ပြိုင်ခွင့်ရနေတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ တစ်သင်းတည်းသာ ယှဉ်ပြိုင်ခွင့်ရပေမယ့် လာမယ့်ရာသီမှာတော့ တစ်သင်းထပ်တိုးကာ နှစ်သင်း ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီ ပြည်တွင်းပြိုင်ပွဲနှစ်ခုဖြစ်တဲ့ MNL အမှတ်ပေးပြိုင်ပွဲနဲ့ MNL League Cup ပြိုင်ပွဲနှစ်ခုစလုံး ဗိုလ်စွဲခဲ့လို့ MNL အမှတ်ပေးပြိုင်ပွဲ ဒုတိယဆုရတဲ့ ရန်ကုန်ယူနိုက်တက်အသင်းက ယှဉ်ပြိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် MNL ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက အုပ်စုအဆင့်၊ ဒုတိယဆုရ ရန်ကုန်ယူနိုက်တက်အသင်းက ခြေစစ်ပွဲအဆင့်ကနေ စတင်ကစားရမှာဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ ခြေစစ်ပွဲမှာ လာအိုလိဂ်ချန်ပီယံ Ezra အသင်းနဲ့ လာအိုနိုင်ငံမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီ AFC Challenge League ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့ပါတယ်။

ခြေစစ်ပွဲကို သြဂုတ် ၁၂ ရက်မှာ ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးအဆင့် အုပ်စုမဲခွဲပွဲကို သြဂုတ် ၂၈ ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group