Eleven Media Group

■ နာပိုလီအသင်းမှာ ဒီဘရိုင်းနား ခြေစွမ်းပြနိုင်မယ်လို့ ကာပယ်လို သုံးသပ်

Photo: SSC Napoli

နာမည်ကျော်နည်းပြဟောင်း ကာပယ်လိုက ဘယ်လ်ဂျီယံဝါရင့်ကစားသမား ဒီဘရိုင်းနားအနေနဲ့ နာပိုလီအသင်းမှာ ခြေစွမ်းပြနိုင်မယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

အသက် (၃၃) နှစ်အရွယ် ဒီဘရိုင်းနားဟာ ၂၀၂၄-၂၅ ရာသီကုန်မှာ ဆယ်စုနှစ်တစ်ခုကြာ ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ လမ်းခွဲခဲ့ပြီး စီးရီးအေချန်ပီယံ နာပိုလီအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။

နာပိုလီအသင်းက ဒီဘရိုင်းနားကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူပြီး ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။

ကာပယ်လိုက ဒီဘရိုင်းနားဟာ Ballon d’Or ရနိုင်တဲ့ အဆင့်ရှိသူဖြစ်ပြီး နာပိုလီအသင်းမှာ ခြေစွမ်းပြနိုင်မယ်လို့ သုံးသပ်ခဲ့တာပါ။

ကာပယ်လိုက "ဒီဘရိုင်းနားက နာပိုလီအသင်းရဲ့ ချန်ပီယံလိဂ်အတွက် ခေါ်ယူမှု ဖြစ်ပါတယ်။ သူဟာ Ballon d’Or ရနိုင်တဲ့ အဆင့်ရှိသူပါ။ စီးရီးအေပြိုင်ပွဲက ပရီးမီးယားလိဂ်ပြိုင်ပွဲထက် နှေးတာကြောင့် ဒီဘရိုင်းနားအနေနဲ့ နာပိုလီအသင်းမှာ ခြေစွမ်းပြနိုင်မှာ သေချာပါတယ်။ သူဟာ ချန်ပီယံလိဂ်မှာလည်း အတွေ့အကြုံကောင်းကောင်း ရှိထားလို့ နာပိုလီအတွက် အများကြီးအကူအညီဖြစ်မှာပါ"လို့ ပြောကြားခဲ့တာပါ။

ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းနဲ့ လမ်းခွဲပြီးနောက် ဆော်ဒီနဲ့ အမေရိကန်ကလပ်တွေရဲ့ ငွေကြေးမြောက်မြားစွာနဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမဲ့ ဥရောပထိပ်တန်းအဆင့်မှာ ဆက်လက်ကစားလိုတာကြောင့် နာပိုလီအသင်းကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group