
အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်လ်က သူ့ရဲ့ ဘရာဇီးလ်အသင်းဖော် ရိုဒရီဂိုကို ခေါ်ယူဖို့ အသင်းကို တိုက်တွန်းပြောကြားခဲ့ပါတယ်။
အသက် (၂၄) နှစ်အရွယ် ရိုဒရီဂိုဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ အနာဂတ်မရေမရာဖြစ်နေပြီး အခုနွေရာသီမှာ အသင်းပြောင်းရွှေ့နိုင်တယ်လို့ သတင်းထွက်ပေါ်နေတာပါ။
အာဆင်နယ်အသင်းကလည်း အခုနွေရာသီမှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ စီစဉ်နေပြီး စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်၊ လိုက်ပ်ဇစ်တိုက်စစ်မှူး ရှက်ရှကိုနဲ့ ရီးယဲလ်တိုက်စစ်ကစားသမား ရိုဒရီဂိုတို့ကို ချိတ်ဆက်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။
Podpah Podcast အစီအစဉ်မှာ အာဆင်နယ်အသင်းအနေနဲ့ ရိုဒရီဂိုကို ခေါ်ယူဖို့ ချိတ်ဆက်နေသလားလို့ ဂါဘရီရယ်လ် အမေးခံခဲ့ရတာပါ။
အဲဒီမေးခွန်းကို ဂါဘရီရယ်လ်က "ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ သူ့ကို ခေါ်မယ်ဆိုရင်တော့ ကျွန်တော် သဘောကျတာပေါ့။ သူက တကယ်ထူးချွန်တဲ့ကစားသမားပါ။ ဒါကို ကျွန်တော် အရင်ကလည်း ပြောဖူးပါတယ်။ တကယ်လို့ ကျွန်တော်သာ လုပ်ပိုင်ခွင့်ရှိခဲ့မယ်ဆိုရင် ရိုဒရီဂိုကို ခေါ်ယူသွားမှာပါ"လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။