Eleven Media Group

■ လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကို ခေါ်ယူဖို့ နာပိုလီအသင်း ကြိုးပမ်း

နာပိုလီအသင်းဟာ အခုနွေမှာ လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ Football Italia က ဖော်ပြခဲ့ပါတယ်။

ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ဟာ ၂၀၂၂ နွေရာသီမှာ ဘင်ဖီကာအသင်းကနေ လီဗာပူးလ်အသင်းသို့ Add-ons ကြေးအပါအဝင် ပေါင် (၈၅) သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

ဒါပေမဲ့ ဒါဝင်နူးနက်ဇ်(၂၅ နှစ်)အနေနဲ့ လီဗာပူးလ်အသင်းမှာ ထင်မှတ်ထားသလို ခြေစွမ်းပြနိုင်ခြင်းမရှိတဲ့အပြင် နည်းပြ ဆလော့လက်ထက်မှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် အခုနွေမှာ အသင်းမှထွက်ခွာမယ်လို့ သတင်းထွက်နေတာပါ။

သူ့ကို ခေါ်ယူဖို့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ဆော်ဒီကလပ်တွေက စိတ်ဝင်စားနေကြပြီး အခု နာပိုလီအသင်းပါ ပါဝင်လာတာ ဖြစ်ပါတယ်။

Football Italia ရဲ့ ဖော်ပြမှုအရ နာပိုလီနည်းပြ ကွန်တီဟာ တိုက်စစ်မှာ လူကာကူနဲ့ တွဲဖက်ကစားဖို့အတွက် ဒါဝင်နူးနက်ဇ်ကို ခေါ်လိုနေတယ်လို့ သိရပါတယ်။

နာပိုလီအသင်းဟာ လာမယ့် ၂၀၂၅-၂၆ ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရထားတာကြောင့် အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေပြီး မန်စီးတီးနဲ့ လမ်းခွဲခဲ့တဲ့ ဘယ်လ်ဂျီယံဝါရင့်ကွင်းလယ်ကစားသမား ဒီဘရိုင်းနားကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူထားပါတယ်။

မူရင်းသတင်း — Eleven Media Group