
မန်ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က နာပိုလီတိုက်စစ်မှူး အိုဆင်မန်ကို ခေါ်ယူဖို့ အသင်းဟောင်းကို တိုက်တွန်းပြောကြားခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ -၂၅ ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရုန်းကန်ခဲ့ရပြီး အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးရပ်တည်မှုနှင့် ကြုံတွေ့ခဲ့ရတာပါ။
မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်တွင် ရမှတ် (၄၈) မှတ်နဲ့ အဆင့် ၁၅ မှာ ရပ်တည်ခဲ့ပြီး သွင်းဂိုး (၄၄) ဂိုးသာ ရရှိခဲ့ပါတယ်။
ဒါကြောင့် မန်ယူနိုက်တက်အသင်းဟာ အခုနွေမှာ ဝုလ်ဗ်တိုက်စစ်ကစားသမား ကူညာကို ပေါင် (၆၂.၅) သန်းနဲ့ ခေါ်ယူထားပြီး စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်နဲ့ ဖရန့်ဖတ်တိုက်စစ်မှူး အီကီတီတို့ကို ထပ်ခေါ်ဖို့ စီစဉ်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။
ဒါပေမဲ့ ဖာဒီနန်က "မန်ယူနိုက်တက်က အတွေ့ အကြုံရင့်ကျက်တဲ့ ထိပ်တန်းအထောင်တိုက်စစ်မှူးတစ်ဦး လိုအပ်နေတာပါ။ မန်ယူနိုက်တက်ဟာ ဟွိုင်လန်းကို ကြေးကြီးပေးပြီး ခေါ်ယူခဲ့ပေမဲ့ ကစားသမားက ခြေစွမ်းပြနိုင်ခြင်း မရှိသလို ဇက်ဇီကလည်း ကောင်းကောင်း စွမ်းဆောင်နိုင်ခြင်း မရှိပါဘူး။ ဟွိုင်လန်းအနေနဲ့ မန်ယူအသင်းမှာ ခြေစွမ်းမပြနိုင်တာ အတွေ့အကြုံကြောင့်လို့ ကျွန်တော် ထင်ပါတယ်။ မန်ယူနိုက်တက်ကတိုက်စစ်မှာ လူငယ်တွေချည်းရှိပြီး သူတို့အနေနဲ့ သင်ယူနိုင်မယ့် အတွေ့ အကြုံရင့်တိုက်စစ်မှူးတစ်ဦး လိုအပ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ လူတိုင်းက ယိုကယ်ရက်စ်ကို ပြောနေကြပေမဲ့ ကျွန်တော်ကတော့ အိုဆင်မန်ကိုပဲ ရွေးချယ်ချင်ပါတယ်။ အိုဆင်မန်ရဲ့ အတွေ့အကြုံနဲ့ ခြေစွမ်းက မန်ယူနိုက်တက်နဲ့ ပိုလိုက်ဖက်မယ်လို့ ထင်ပါတယ်"လို့ ပြောကြားခဲ့တာပါ။