
ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဇွန် ၁၆ ရက်မှာ ကျင်းပမှာဖြစ်ပြီး မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းဟာ ပထမပွဲ ကစားရမှာဖြစ်ပါတယ်။
အိမ်ရှင်ဗီယက်နမ်အသင်းဟာ ဒုတိယပွဲကစားမှာဖြစ်တာကြောင့် ထိုင်းအသင်းနဲ့ မြန်မာအသင်းပွဲကို ပထမပွဲကျင်းပမှာဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ပွဲအဖြစ် ထိုင်းအသင်းနဲ့ မြန်မာအသင်းပွဲကို မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲ၊ ဗီယက်နမ်အသင်းနဲ့ အင်ဒိုနီးရှားအသင်းပွဲကို မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ ကျင်းပမှာဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စုဒုတိယသာရတာကြောင့် ဆီမီးဖိုင်နယ်မှာ လက်ရှိချန်ပီယံ ထိုင်းအသင်းနဲ့ ကစားရတာဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စုပွဲတွေမှာ ဗီယက်နမ်အသင်းကို (၂-ဝ) ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် လာအိုအသင်းကို (၆-ဝ) ဂိုး၊ တီမောအသင်းကို (၇-ဝ) ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
အုပ်စုပွဲတွေအပြီး အုပ်စု (A) မှာ ဗီယက်နမ်အသင်းက ကိုးမှတ်နဲ့ အုပ်စုပထမ၊ မြန်မာအသင်းက ခြောက်မှတ်နဲ့ အုပ်စုဒုတိယ၊ အုပ်စု (B) မှာ ထိုင်းအသင်းက ကိုးမှတ်နဲ့ အုပ်စုပထမ၊ အင်ဒိုနီးရှားအသင်းက လေးမှတ်နဲ့ အုပ်စုဒုတိယရပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့တာပါ။
မြန်မာအသင်းဟာ တတိယအကြိမ် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ပထမဆုံးပြုလုပ်တဲ့ပြိုင်ပွဲက ပတ်လည်စနစ်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။