
လိဂ်ချန်ပီယံရှစ်ကနေ တန်းဆင်းသွားတဲ့ League One ကလပ် ပလိုင်းမောက်အသင်းဟာ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ကလယ်ဗာလေကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။
ကလယ်ဗာလေ(၃၅ နှစ်)ဟာ ပလိုင်းမောက်အသင်းနဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်တယ်။
၎င်းအနေနဲ့ ပြီးခဲ့တဲ့လက ဂျာမန်ကလပ် ရှော်လ်ကေးအသင်းကို ကိုင်တွယ်ဖို့ အသင်းနဲ့ လမ်းခွဲခဲ့တဲ့ မူဆလစ်နေရာ အစားထိုးတာဝန်ယူရမှာပါ။
မန်ယူနိုက်တက်နဲ့ အဲဗာတန်ကွင်းလယ်လူဟောင်းဟာ ပြီးခဲ့တဲ့နှစ် မတ်လက လိဂ်ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့ပေမဲ့ ပြီးခဲ့တဲ့မေလမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ရာသီ ဒုတိယရာသီဝက်မှာ ဝက်ဖို့ဒ်အသင်းဟာ ရလဒ်ဆိုးတွေနဲ့အတူ play-offs ကစားခွင့်လွဲချော်ခဲ့ကာ အဆင့် ၁၄ နေရာမှာသာ ရပ်တည်ခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ၁၄ လကြာတာဝန်ယူမှုဟာ ၂၀၁၈ ဇန်နဝါရီကနေ ၂၀၁၉ စက်တင်ဘာလအထိ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဟာဗီဂါစီယာနောက်ပိုင်း ဝက်ဖို့ဒ်အသင်းမှာ သက်တမ်းအရှည်ဆုံး ဖြစ်ခဲ့တယ်။
ကလယ်ဗာလေဟာ ပွဲ ၆၀ ကိုင်တွယ်ခဲ့ပြီး ပွဲ ၂၀ အနိုင်ရကာ ၁၄ ပွဲသရေ၊ ၂၆ ပွဲ အရေးနိမ့်ခဲ့ပါတယ်။
ပလိုင်းမောက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီကလည်း မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ရွန်နီကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး ရာသီဝက်မှာ ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခဲ့ပါတယ်။